နေပြည်တော် မေ ၂၈
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေး ဦးစီးကော်မတီနာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ကျင်းပရေးဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ် ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
အဘက်ဘက်က ပံ့ပိုးဖြည့်ဆည်းအားပေး
ဦးစွာ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ နာယက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် နေခြင်းဖြစ်ကြောင်း၊ အလားတူ အားကစားအောင်မြင်ခြင်းသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို ရောင်ပြန်ဟပ်စေကြောင်း၊ ထို့အတူ အားကစားတိုးတက်မြင့်မားခြင်းသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာ အဆင့်အတန်းနှင့် အခြေအနေကို ဖော်ပြနေခြင်းဖြစ်သည့်အတွက် အားကစားဆိုင်ရာ ခံယူချက်များ အတိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန် ကစပြီး မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် အဘက်ဘက်က ပံ့ပိုး ဖြည့်ဆည်းအားပေးဆောင်ရွက် ပေးလျက်ရှိကြောင်း။
နိုင်ငံအတွက် အဓိကစွမ်းအားစုဖြစ်သည့် လူငယ်များကို ဗလငါးတန် ပြည့်ဝရေးနှင့်အတူ လူငယ်ကဏ္ဍများကိုလည်း တစ်ဖက်တစ်လမ်းမှ မြှင့်တင်ပေးလျက် ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၉)ရပ်တွင်ပါရှိသည့် လူမှုရေးဦးတည်ချက် (၃)ရပ်၏ ဒုတိယအချက် ဖြစ်သော တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ရေးအချက်ကိုလည်း အလေးထားအကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး အတွက် မဖြစ်မနေဆောင်ရွက်ပေးရမည့် လုပ်ငန်းတာဝန် နယ်ပယ်များစွာရှိသည့်အနက် ကဏ္ဍအစုံတွင် အားကစားပြိုင်ပွဲမျိုးစုံကို ပုံမှန်ကျင်းပပြုလုပ်ပေးရမည်ဆိုသည့်အတိုင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နှစ်များအလိုက် အားကစားပြက္ခဒိန်ရေးဆွဲပြီး ပြိုင်ပွဲများ ကျင်းပပေးခဲ့သည့်အတွက် ယခုကဲ့သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကြီး ကျင်းပနိုင်ရေးကိုလည်း စီစဉ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း။
အမျိုးသားအားကစားပွဲတော်များကို ယခင်အစိုးရ အဆက်ဆက်က ကျင်းပပေးခဲ့ကြကြောင်း၊ ၁၉၉၂ ခုနှစ်တွင် ပထမအကြိမ် အမျိုးသားအားကစားပွဲတော်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ် အမျိုးသား အားကစားပွဲတော်နှင့် ၁၉၉၇ ခုနှစ်တွင် တတိယအကြိမ် အမျိုးသားအားကစား ပွဲတော်များကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြပြီး ၂၀၁၅ ခုနှစ်တွင် စတုတ္ထအကြိမ်အဖြစ် အမျိုးသား အားကစားပွဲတော်ကို နေပြည်တော်တွင် ခမ်းခမ်းနားနားကျင်းပပေးခဲ့ကြောင်း၊ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယခု ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကို နေပြည်တော်တွင် ကျင်းပပြုလုပ်သွားရန် လျာထား ဆောင်ရွက်ခြင်း ဖြစ်ကြောင်း။
နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲဖြစ်
အမျိုးသားအားကစားပွဲတော် ကျင်းပမည့်အချိန်မှာ ယခုနှစ် ဒီဇင်ဘာလဖြစ်သည့်အတွက် ၆ လခန့် အချိန်ရရှိသော်လည်း ကြိုတင်ပြင်ဆင်စုဖွဲ့ရမည့်ကိစ္စများ၊ လေ့ကျင်ရမည့်ကိစ္စများသည် နိုင်ငံတော် အဆင့်ဖြစ်သည့်အတွက် ယခုအချိန်မှစတင်၍ ကြိုတင်ပြင်ဆင်နိုင်ရန် စီမံဆောင်ရွက်သွားရ မည်ဖြစ်သောကြောင့် ပထမအကြိမ်အစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ တစ်နှစ်ပတ်လုံး ကျောင်းသားအားကစားပွဲများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အားကစားပြိုင်ပွဲများ၊ ဝန်ကြီးဌာနအလိုက် အားကစားပြိုင်ပွဲများ ကျင်းပပေးလျက်ရှိကြောင်း၊ သို့သော်လည်း မတူသည့် အချက်မှာ ယခုကျင်းပမည့် အမျိုးသား အားကစားပွဲတော်သည် ပြိုင်ပွဲဝင်အသင်းများ သာမက ပြိုင်ပွဲဝင် အားကစားသမားများပါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အများဆုံးယှဉ်ပြိုင်ကြမည့် နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲဖြစ်ကြောင်း။
အမျိုးသားအားကစားပွဲတော် ကျင်းပရသည့် ရည်ရွယ်ချက်မှာ ပထမအချက်အနေဖြင့် နိုင်ငံတော် ၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေ ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ဒုတိယ အချက်မှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများတွင် “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အားကစားအဆင့်အတန်းမြင့်ရေးနှင့် အောင်မြင် မှုရှိစွာ ယှဉ်ပြိုင်နိုင်ရေး၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများနှင့် အလားအလာရှိသည့် လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ပြည်နယ်/တိုင်းဒေသကြီးများ နှင့် ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည် ရင်းနှီးမှုရရှိစေရေး၊ အားကစားလှုပ်ရှားမှုများ ပိုမို တိုးမြှင့်ဆောင်ရွက်လာနိုင်စေရေးနှင့် ပြည်သူတစ်ရပ် လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အားကစား လှုပ်ရှားမှုများတွင် ပါဝင်လာစေရေးဆိုသည့် ဦးတည်ချက်များနှင့် ကျင်းပသွား မည်ဖြစ်ကြောင်း။
အတည်ပြုချက် ရယူသွားရန်ဖြစ်
ထို့ကြောင့် စတုတ္ထအကြိမ် အမျိုးသားအားကစား ပွဲတော်ကျင်းပခဲ့သည့် ၁၀ နှစ်နီးပါးကြာမှ ပြန်လည်ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို မိမိတို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် ခမ်းနားထည်ဝါစွာဖြင့် စနစ်တကျကျင်းပနိုင်ရေးသည် အရေးကြီးကြောင်း၊ ထို့ကြောင့် အမျိုးသားအားကစားပွဲတော်ကြီးကို အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဆောင်ရွက်ရာတွင် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ ၁၁ ခုကိုလည်း ကြိုတင်ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သင့်သည်များကို မူဝါဒ(မူကြမ်း) ချမှတ်ပြီး နိုင်ငံတော် အကြီးအကဲထံတင်ပြ၍ အတည်ပြုချက်ရယူသွားရန်ဖြစ်ကြောင်း။
မှန်မှန်ကန်ကန်မျှမျှတတ စီမံဆုံးဖြတ်
အမျိုးသားအားကစားပွဲတော်ဆိုသည့် ဂုဏ်ဒြပ်နှင့်အညီ ပြိုင်ပွဲ ပွဲစဉ်တိုင်း ပြိုင်ဆိုင်မှုပြင်းထန်မည် ဖြစ်သော်လည်း အားကစားစိတ်ဓာတ်၊ အားကစားအဓိဋ္ဌာန်များနှင့်အညီ ယှဉ်ပြိုင်ပြီး တစ်ဖက် ကလည်း မှန်ကန်မျှတပြီး စည်းကမ်းစနစ်ကျသည့် ပြိုင်ပွဲများဖြစ်စေရေး တာဝန်ရှိသူအဆင့်ဆင့်က အငြင်းပွားဖွယ် ရာများမဖြစ်အောင် မှန်မှန်ကန်ကန်မျှမျှတတ စီမံဆုံးဖြတ် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ သို့မှသာ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကြီးနှင့်အတူ အခြားသော နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင် အဆင့်မီပြီး အဆင့်အတန်းရှိသည့် မျိုးဆက်သစ် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ထူးချွန်စွာပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ အမျိုးသား အားကစားပွဲတော်တွင် ဝန်ကြီးဌာနအလိုက် အားကစားပြိုင်ပွဲနှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အားကစားပြိုင်ပွဲများဖြင့် အပိုင်းနှစ်ပိုင်း ဆောင်ရွက်သွားရန် စီမံထားကြောင်း၊ ဝန်ကြီးဌာနအလိုက် ပြိုင်ပွဲ တွင် အားကစားနည်း ခြောက်နည်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တွင် အားကစားနည်း ၂၃ နည်းဖြင့် ခန့်မှန်းအားကစားသမား စုစုပေါင်း ၆၅၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ရန် လျာထားကြောင်း။
ခမ်းနားထည်ဝါစွာကျင်းပနိုင်ရေး စီမံဆောင်ရွက်
အမျိုးသားအားကစားပွဲတော်သည် နိုင်ငံတော် အဆင့်ဖြစ်သည့်အတွက် ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ယှဉ်ပြိုင်ကြ မည့် အားကစားပြိုင်ပွဲများတွင် အဆင့်အတန်းမြင့်မြင့် ပါဝင်ယှဉ်ပြိုင်နိုင်စေရေးနှင့် အားကစား သမားများ စိတ်ချမ်းမြေ့စွာ တည်းခိုနေထိုင်ရေးအတွက် စီမံဆောင်ရွက်ပေးသွားကြရမည် ဖြစ်ကြောင်း၊ ဖွင့်ပွဲ၊ ပိတ်ပွဲများကို နိုင်ငံတော်အဆင့်ကျင်းပခဲ့သည့် အခြားအခမ်းအနားများထက် အဆင့်မနိမ့်ဘဲ ခေတ်နှင့် လျော်ညီစွာဖြင့် ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက်သွား ရန်လိုကြောင်း၊ ထို့ပြင် အမျိုးသား အားကစားပွဲတော်၏ အထိမ်းအမှတ် Logo သတ်မှတ် နိုင်ရေး ဝိုင်းဝန်းဆွေးနွေးသွားကြရန်လိုကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ထွက်ပေါ်လာ ရေးအတွက် ပြိုင်ပွဲပွဲစဉ်အစမှ အဆုံးအထိယှဉ်ပြိုင်မှုများကို မှတ်တမ်းတင်ရေးအဖွဲ့များက စနစ်တကျ မှတ်တမ်းတင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ထိုသို့မှတ်တမ်းတင်ဆောင်ရွက်ရာတွင် (၃၂)ကြိမ်မြောက် ကျင်းပခဲ့သည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊ ဒုတိယ၊ တတိယရရှိသည့် စံချိန်များနှင့် အနီးစပ်ဆုံးရရှိသည့် အားကစားသမားများကိုသာ ပဏာမလက်ရွေးစင်အဖြစ် ရွေးချယ်၍ နိုင်ငံ့ လက်ရွေးစင်အဖြစ် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စနစ်တကျ ဆောင်ရွက် သွားကြရန်လိုကြောင်း၊ အားကစားပြိုင်ပွဲများတွင် အားကစားစိတ်ဓာတ်ပြင်းထန်သကဲ့သို့ ယှဉ်ပြိုင်မှု များလည်း ပြင်းထန်လာနိုင်သည့်အတွက် အငြင်းပွားဖွယ်ရာများမဖြစ်အောင် ခုံသမာဓိ ဆောင်ရွက်ကြမည့် ဆပ်ကော်မတီနှင့် တာဝန်ရှိသူများက စနစ်တကျအားကစားတစ်ခုချင်းအလိုက် ယှဉ်ပြိုင်ကြမည့် အားကစားနည်းဥပဒေသတ်မှတ်ချက်များကို ယှဉ်ပြိုင်ကြမည့် အားကစား အဖွဲ့များအား အသိပေးထားရန် လိုအပ်ကြောင်း၊ အားကစားပွဲတော် ကျင်းပမည့် အချိန်ကာလမှာ အနည်းငယ်ကြာမြင့်သည့်အတွက် လုံခြုံရေးအထူး အလေးထားဂရုစိုက် စီမံဆောင်ရွက်သွားရန်လို ကြောင်း၊ တည်းခိုနေထိုင်ရေးနှင့်စပ်လျဉ်း၍ အဆင်ပြေ ချောမွေ့စွာရှိစေရန်အတွက် တည်းခို ဆောင်များ သန့်ရှင်းရေးနှင့် လိုအပ်ချက်များရှိလာပါက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန် လိုကြောင်း။
ထို့ပြင် ကျန်းမာရေးနှင့်စပ်လျဉ်း၍ အားကစားသမားများအတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် သန့်ရှင်းကောင်းမွန်သော အစားအသောက်များဖြစ်စေရေး စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားပြိုင်ပွဲများကျင်းပမည့် အားကစားကွင်းများ အဆင့်မြင့်မြင့်နှင့် ဥပဓိရုပ်ကောင်းမွန်စေရေး တို့အတွက် သက်ဆိုင်ရာကော်မတီများက ကြိုတင်စီမံဆောင်ရွက်ထားရန်လိုကြောင်း၊ ဖွင့်ပွဲ၊ ပိတ်ပွဲများတွင် ပါဝင်ကူညီကြမည့် သက်ဆိုင်ရာနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ၊ ပညာရှင်များနှင့် အနုပညာရှင်များ ပါဝင်လာနိုင်ရေးကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက စည်းရုံးဆောင်ရွက် သွားရန်လိုကြောင်း၊ အဓိကအားဖြင့် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် အားလုံး တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း။
အခွင့်အလမ်းတစ်ခုအဖြစ် ဖော်ဆောင်နိုင်မည်
ယခုကျင်းပမည့် အမျိုးသားအားကစားပွဲတော် ကြီးသည် အားကစားပြိုင်ပွဲအဖြစ်သာ အမည်ခေါ်ဆို ကျင်းပခြင်းဖြစ်သော်လည်း အတူတကွ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအရ ဝန်ကြီး ဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ များ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ၊ မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းကြီးများ၊ NGO အဖွဲ့အစည်းများ၊ မီဒီယာလောက သားများ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက တစ်ဦးချင်း တစ်ယောက်ချင်း ကျရာအခန်း ကဏ္ဍအလိုက် အမျိုးသားရေးအသိစိတ်ဓာတ်နှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ စည်းလုံးညီညွတ်မှု၊ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်တတ်မှု၊ မျိုးချစ်စိတ် တိုင်းချစ်ပြည်ချစ်စိတ်ရှိမှု၊ တည်ငြိမ်အေးချမ်းမှုများကို ဖော်ထုတ်ပြသနိုင်မည့် အခွင့်အလမ်းတစ်ခုအဖြစ် ဖော်ဆောင်နိုင်မည်ဖြစ်သည့်အတွက် တာဝန်ယူဆောင်ရွက်ကြမည့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် စီမံချက်ပါ လုပ်ငန်းတာဝန်များ အောင်မြင်ပြီး မြောက်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ မမျှော်မှန်းနိုင်သည့် လုပ်ငန်းအခက်အခဲများ ပေါ်ပေါက် လာခဲ့ပါကလည်း အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူအဆင့်ဆင့်က တင်ပြဆောင်ရွက်သွား ကြရန်လိုကြောင်း ပြောကြားသည်။
ပြိုင်ပွဲအမျိုးအစား သတ်မှတ်
ထို့နောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပဉ္စမအကြိမ် အမျိုးသား အားကစား ပွဲတော်ကျင်းပရေး ပြင်ဆင်ထားမှု၊ ယခင်အမျိုးသား အားကစားပွဲတော်များ ကျင်းပ ဆောင်ရွက်ခဲ့မှုများ၊ လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ ပြိုင်ပွဲ အမျိုးအစား သတ်မှတ်ခြင်းနှင့် ပြိုင်ပွဲ အစီအစဉ်များ၊ ဆုချီးမြှင့်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဖွင့်ပွဲ/ ပိတ်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနား များကို ခေတ်ကာလနှင့်လျော်ညီစွာ နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးအတွက် ဆောင် ရွက်သွားမည့်အစီအစဉ် လျာထားချက်များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းဆွေးနွေး
ဆက်လက်၍ ကျင်းပရေးကော်မတီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ပဉ္စမ အကြိမ် အမျိုးသားအားကစားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးနှင့် ဆုချီးမြှင့် ရေးဆပ်ကော်မတီ၊ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းတင်ရေးဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေး ဆပ်ကော်မတီ၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီနှင့် စာရင်း စစ်ဆေးရေး ဆပ်ကော်မတီတို့မှဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် ဒုတိယစာရင်းစစ်ချုပ်တို့က ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားအောင်မြင်စွာကျင်းပ နိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားကြ မည့်အစီအမံများကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီနာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်