မိတ္ထီလာ၊ မေ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တစ်ပိုင်တစ်နိုင်မှ စီးပွားဖြင့်လုပ်ကိုင်နိုင်စေရန် ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ သိန်း ၃၀၀ ဖြင့် ကျေးရွာ ၅ ရွာကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များ မြစိမ်းရောင်ကျေးရွာစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌ ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ သိန်း ၃၀၀ ဖြင့် မိတ္ထီလာမြို့နယ် ဆပ်ပြာကျင်းကျေးရွာအုပ်စု ကန်ကြီးကုန်းကျေးရွာ၊ ညောင်မြင့်ကျေးရွာအုပ်စု ပျော်ကုန်းကျေးရွာနှင့် မလှိုင်မြို့နယ် ရေထွက်ကျေးရွာအုပ်စု ထန်းတောကျေးရွာတို့ကို ထုတ်ချေးပေးသွားမည်ဖြစ်သည်။ ၎င်းအပြင် သာစည်မြို့နယ် ရွာပုလဲကျေးရွာအုပ်စု ကျီတိုင်ကုန်း(တ)ကျေးရွာနှင့် ဝမ်းတွင်းမြို့နယ် ရွှေတောင်ကျေးရွာအုပ်စု ငွေဘုံသာကျေးရွာတို့တွင် ထုတ်ချေးသွားမည်ဖြစ်သည်။
အဆိုပါ ကျေးရွာ ၅ ရွာရှိ ကျေးရွာသူကျေးရွာသားများမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကို ချေးငွေရယူပြီး ကျေးရွာမှ တစ်နိုင်တစ်ပိုင် မွေးမြူရေး၊ စိုက်ပျိုးရေး၊ အရောင်းအဝယ်၊ ကုန်ထုတ်လုပ်ငန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတော်မှ ချမှတ်ထားသည့် ကျေးလက်ဒေသ ဆင်းရဲမှုလျော့ချရေးနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ခံစားရရှိမှာဖြစ်ပါကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)