နေပြည်တော် မေ ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ကံဆွယ်ကျေးရွာအုပ်စု မြသုခကျေးရာအနီး အနောက်ပြက္ခရွေတောင်ပေါ်ရှိ စွယ်တော်မြတ် စေတီသို့ ဖောက်လုပ်ထားရှိသည့် တောင်တက်မြေသားလမ်း ၄ မိုင် ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရာသီမရွေးသွားလာနိုင်သည့် အမာခံလမ်းအဖြစ် ဆက်လက်ဆောင်ရွက် ရန်နှင့် လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စွယ်တော်မြတ်စေတီ ပရိဝုဏ်အတွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ထပ်မံဆောင်ရွက်နေသည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန် ယူဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာမြို့နယ် ကျောင်းရွာကျေးရွာတွင် သန့်ရှင်းသော မြေအောက် သောက်သုံးရေရရှိရေးအတွက် ရေတွင်းတူးစက်ဖြင့် အဝီစိတွင်းနက်တူးဖော် နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ရေရှားပါးသည့်ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် အဆင့်မြင့် ရေကြောရှာဖွေစက်နှင့် ရေတွင်းတူးစက်များကို အသုံးပြု၍ ကျွမ်းကျင်ဝန်ထမ်းများဖြင့် လိုအပ်သောဒေသများတွင် တူးဖော်ဆောင်ရွက်ပေး လျက်ရှိသည်။
ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးသည် အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူ များနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး ရွာသစ်ကြီးကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်သို့ ရောက်ရှိပြီး ဖွံ့ဖြိုးရေးတက္ကသိုလ် အစည်းအဝေးခန်းမ၌ တက္ကသိုလ် ပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး တင်ပြချက်များအပေါ် လိုအပ် သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ခိုင်မာပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်ပေါ်လာစေရေး အလေးထား ပြုစုပျိုးထောင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံပြီး ပညာရေး တိုးတက်မြင့်မားစေရေး၊ မကြာမီကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကျောင်း၏ ဥပဓိ ရုပ်ကောင်းမွန်စေရေးနှင့် စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ စားရိပ်သာများ အသင့်ဖြစ် စေရေး ကြိုတင်ပြင်ဆင်ထားရှိရန်၊ ဆရာ၊ ဆရာမများ အနေဖြင့် တက္ကသိုလ်၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်နှင့် မကြာမီကျင်းပပြု လုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄)အတွက် ပြင်ဆင်ရမည့်အချက်များကိုမှာကြားပြီး စားရိပ်သာတွင် ကျောင်းသူများနှင့် နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အိပ်ဆောင်များ၊ စားရိပ်သာများ၊ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် အားကစားခန်းမ၊ အားကစားကွင်းနှင့် ပွဲကြည့်စင်၊ တက္ကသိုလ်အတွင်း ဖွင့်လှစ်ထားရှိသည့် မွေးမြူရေး အစာစပ် စက်ရုံ၊ ဝန်ထမ်းသက်သာအရောင်းဆိုင်၊ စိုက်ပျိုးမွေးမြူရေးဇုန်အတွင်းရှိ အသားစားကြက်ခြံ၊ ဥစားကြက်ခြံ၊ ငါးမွေးမြူရေး ဆောင်ရွက်ထားရှိမှု၊ ငါးမွေးမြူရေးကန်များ တူးဖော်နေမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် လုပ်ငန်းဆိုင်ရာ လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားလူငယ် များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း)ရှိ ဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ကျောင်းဝန်းအတွင်းရှိ အားကစားကွင်းနှင့် ပွဲကြည့်စင် ၊ ဆောက်လုပ်ဆဲ လေးထပ် အင်ဂျင်နီယာအလုပ်ရုံ၊ ကျောင်းသား၊ ကျောင်းသူများ၏ အိပ်ဆောင်များ၊ စားရိပ် သာများ၊ စားဖိုဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများ တီထွင်ဖန်တီးထားရှိသည့် ခေတ်မီ နည်းပညာလက်ရာများ၊ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ထားရှိသည့် ငါးခူမွေးမြူရေး ကန်များနှင့် ဒီဂရီကောလိပ် သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေ အနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်