မေ ၃၀

ဗီယက်နမ်နိုင်ငံသို့ တရုတ်ခရီးသွား ၃၅၇၉၀၇ ဦးဝင်ရောက်ခဲ့ရာ ခရီးသွားဝင်ရောက်မှုတွင် တရုတ်နိုင်ငံသည် တောင်ကိုရီးယားနိုင်ငံကိုကျော်လွန်ပြီး ထိပ်ဆုံးနေရာသို့ရောက်ရှိလာကြောင်း ဒေသတွင်းမီဒီယာကဖော်ပြထားသည်။ တရုတ်ခရီးသွားဝင်ရောက်မှုသည် နိုင်ငံခြားခရီးသွားများဝင်ရောက်မှုအားလုံး၏ ၄၀ ရာခိုင်နှုန်းနီးပါးရှိသည်ဟု သိရသည်။

မေလအတွင်း ဗီယက်နမ်နိုင်ငံသို့ နိုင်ငံခြားခရီးသွား ၁ ဒသမ ၄ သန်းကျော် ဝင်ရောက်ခဲ့ရာ ခရီးသွားဝင်ရောက်မှုသည် တစ်နှစ်ထက်တစ်နှစ် ၅၁ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု  ဗဟိုစာရင်းအင်းရုံးကပြောကြားသည်။

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် ယခုနှစ်ပထမငါးလအတွင်း ၇ ဒသမ ၆ သန်းနီးပါးရှိရာ ယမန်နှစ်ကထက် ၆၄ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး  ၂၀၁၉ ခုနှစ်ကထက် ခရီးသွားဝင်ရောက်မှု ၃ ဒသမ ၉ ရာခိုင်နှုန်းပိုမိုခဲ့သည်ဟု ထိုရုံးကဖော်ပြထားသည်။

လေကြောင်းမှခရီးသွားဝင်ရောက်မှု ၆ ဒသမ ၃ သန်းရှိရာ ခရီးသွားဝင်ရောက်မှုပေါင်း၏ ၈၃ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး ကားလမ်းဖြင့် ခရီးသွားဝင်ရောက်မှု ၁ ဒသမ ၁ သန်းနှင့် ရေကြောင်းဖြင့် ခရီးသွား ၁၆၂၄၀၀ ဝင်ရောက်မှုရှိသည်ဟု သိရသည်။

ယခုနှစ် ဇန်နဝါရီမှ မေလအတွင်း အာရှမှခရီးသွား ၅ ဒသမ ၈ သန်းဝင်ရောက်မှုရှိရာ အာရှခရီးသွားများဝင်ရောက်မှုအများဆုံး ဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို