နေပြည်တော် မေ ၃၀

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏  ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၂၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် Carbon Stick ကီလိုဂရမ် (၁၈၀၀) အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၁၅၈,၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲ မှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မေ ၂၇ ရက်တွင် ကုန်းတွင်း ဆိပ်ကမ်းရွာသာကြီး Dry Port ၌ Bonded Warehouse အတွင်းမှ ကုမ္ပဏီမှ စွန့်လွှတ်ကြောင်း လျှောက်ထား လာသည့် ဗီယက်နမ်နိုင်ငံထုတ် စားသောက်ကုန်ကြမ်းပစ္စည်း Foodstuff Malt Extract Cereal ကီလိုဂရမ် (၉၂၅၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၅,၈၃၅,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်း များအရလည်းကောင်း၊ မေလ ၂၉ ရက်တွင် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ မြကျွန်းသာ အနီး၌ လိုင်စင်မဲ့ Nissan March မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၈,၈၃၅,၀၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မေ ၂၉ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေကျင် စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် စက်သုံးဆီ ပရီမီယမ်ဒီဇယ်ဆီ ဂါလန် (၂၇၆၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၈၅၆,၈၀၀)နှင့် အဆိုပါစက်သုံးဆီများ တင်‌ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၈၅၆,၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် မေ ၂၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ရတနာပုံတံတား (ပူးပေါင်း)စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Hijet မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈,၀၀၀,၀၀၀)နှင့် ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်၌ Subaru Samber မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၀၀၀,၀၀၀)ကို ဖမ်းဆီး ရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေ ၂၅ ရက်၊ ၂၇ ရက်နှင့် ၂၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်၃၈၁,၈၅၀,၆၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်