နေပြည်တော် ဇွန် ၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၃၁ ရက် ညနေ ၄ နာရီတွင် မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ချောင်းကူးငယ်ရပ်၊ မြို့ပတ် (၁) လမ်းရှိ မခင်မာချို၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၄၀၀ ကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (၁၄) ရပ်ကွက်ရှိ ဝင်းထွဋ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၀၀၀ ကိုလည်းကောင်း၊ အလားတူ ပူးပေါင်းအဖွဲ့သည် မေ ၃၀ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ စိုးရွှေ ငှားရမ်းနေထိုင်သည့် နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၆၀၀၊ ဘိန်းဖြူ သုည ဒသမ ၂၇ ကီလို ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်