ရန်ကုန် ဇွန် ၁
ဗီယက်နမ်နိုင်ငံမှ အလှူရှင်များ စုပေါင်းလှူဒါန်းသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သံဃာတော် (၅၅၅၅) ပါးအား ပစ္စည်းလေးပါးလှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မြို့နယ် မင်းကျောင်းပထမပြန်စာသင်တိုက် ဦးစီးပဓာန နာယက၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်၊ မန္တလေးမစိုးရိမ်တိုက်သစ်ဆရာတော် ဘဒ္ဒန္တဝါသေဌာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်များ၊ ဗီယက်နမ် ဆရာတော် ဘဒ္ဒန္တ သီလဂုဏနှင့် ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး၊ သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦအေးထွန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဇနီးများ၊ ဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များ၊ ဗီယက်နမ်နိုင်ငံနှင့် နိုင်ငံခြားတိုင်းပြည်များ၌နေထိုင်သော ဗီယက်နမ် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားကို "နမော တဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်သည့် ပရိတ်တရားတော်ကို ရိုသေစွာ နာယူကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သံဃာတော် (၅၅၅၅) ပါးအတွက် လှူဒါန်းသည့် အလှူတော်ငွေများကို ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးမှူးနှင့် အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့၀င်တို့ထံ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် ဗီယက်နမ် အလှူရှင်များက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဘဒ္ဒန္တဣန္ဒပါလ ရမ္မာဝတီ ဆရာတော်ထံမှ သရဏီယ ဩဝါဒကထာ နာယူကြသည်။
ဆက်လက်၍ ဗီယက်နမ်ရဟန်းတော် ဘဒ္ဒန္တသမ္မာဒိဋ္ဌိက ကျေးဇူးတင်ဝမ်းမြောက်စကား လျှောက်ထားပြီး ရဏ္ခိတစွမ်းအားပရဟိတအဖွဲ့ ဥက္ကဋ္ဌ၊ အခမ်းအနားကျင်းပရေး အကျိုးတော်ဆောင် ဦးဝင်းမောင်မောင်က ကျေးဇူးတင်ဝမ်းမြောက်စကား လျှောက်ထားသည်။
ထို့နောက် ဆရာတော်ကြီးများက ဗီယက်နမ်အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ဗီယက်နမ်ဆရာတော် ဘဒ္ဒန္တသီလဂုဏက ဝမ်းမြောက်ဩဝါဒစကား မိန့်ကြားတော်မူသည်။
ယင်းနောက် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ တိပိဋက ဩဝါဒါ စရိယ တိပိဋကဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ဝါယာမိန္ဒာဘိဝံသ ထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေး ဝေကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ် ဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် (၅၅၅၅) ပါးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန ဒုတိယ၀န်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဂေါပက အဖွဲ့ဝင်များနှင့် အလှူရှင်များ၊ ဗီယက်နမ်နိုင်ငံမှ အလှူရှင်များက ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။
ဇော်မင်းလတ်-MNA