နေပြည်တော် ဇွန် ၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ မေ ၃၀ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၈) လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် တရုတ်နိုင်ငံထုတ် GI Hollow Pipe ကီလိုဂရမ် (၁၉၇၉၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉,၀၉၁,၃၀၀) ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၁) လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာသည့် အင်ဒိုနီးရှားနိုင်ငံထုတ် Natural Stone Tile (၇၃၉၂) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉,၁၄၅,၂၈၀) ကိုလည်းကောင်း၊ စုစုပေါင်း  (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈,၂၃၆,၅၈၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မေ ၃၁ ရက်တွင် မန္တလေးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေကျင် စစ်ဆေးရေးစခန်း၌ မော်တော်ယာဉ် (၁) စီးပေါ်မှ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (၂၉၄၄) ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၈၅၅,၀၄၀) နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Nissan Diesel Truck (၁) စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂,၈၅၅,၀၄၀) ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ မေ ၃၀ နှင့် ၃၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၄) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၁,၀၉၁,၆၂၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်