ဒိုဟာ ဇွန် ၂
ကာတာ၊ အမေရိကန်နှင့် အီဂျစ်နိုင်ငံတို့သည် အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အမေရိကန်၏ အဆိုပြုချက်နှင့်ပတ်သက်သည့် အခြေခံမူများကို အပြီးသတ်သဘောတူညီရန် ဟားမတ်စ်နှင့် အစ္စရေးတို့အား ပူးပေါင်းတောင်းဆိုခဲ့ကြောင်း ဇွန် ၁ ရက်တွင်ထုတ်ပြန်သည့် ကာတာနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများနှင့် ထိန်းသိမ်းခံထားရသူများကို လွှတ်ပေးရန် အဆိုပါသုံးနိုင်ငံက ဟားမတ်စ် နှင့် အစ္စရေးတို့အား ပူးတွဲတောင်းဆိုထားသည်။ အခြေခံမူများသည် နှစ်ဖက်အကျိုးစီးပွားများစွာကို ဆောင်ကြဉ်းပေးမည်ဖြစ်သည့်အပြင် ဂါဇာကမ်းမြောင်ဒေသရှိ ဓားစာခံများနှင့် ၎င်းတို့၏ မိသားစုဝင်များကိုပါ စိတ်သက်သာရာရစေမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသဘောတူညီချက်တွင် ထာဝရအပစ် အခတ်ရပ်စဲရေးနှင့် အကျပ်အတည်းကို အဆုံးသတ်ရန်အတွက် လမ်းပြမြေပုံတစ်ခုကို ကမ်းလှမ်းထားကြောင်း သိရသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မေ ၃၁ ရက် က မိန့်ခွန်းပြောကြားရာတွင် ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခကို အဆုံးသတ်ရန်နှင့် ဓားစာခံများအားလုံးကို လွှတ်ပေးရန်ဦးတည်မည့် အဆင့်သုံးဆင့် အစ္စရေး အဆိုပြုချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်