ကိုင်ရို၊ ဇွန် ၂
ဂါဇာဒေသရှိ ပြည်သူများ ငတ်မွတ်ခေါင်းပါးမှုဘေးမှ ရှောင်ရှားနိုင်ရန်လုံလောက်သည့် အစားအသောက် အကူညီများလိုအပ်သည်ဟု ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကယ်ဆယ်ရေးနှင့် လုပ်ငန်းအေဂျင်စီ (UNRWA)မှ အရာရှိ တစ်ဦးက ပြောသည်။
ဂါဇာဒေသ၌ လုံခြုံစိတ်ချရသည့် နေရာမရှိသကဲ့သို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းမှာလည်း ပို၍ဆိုးရွားလာသည်ဟု UNRWA မှ သတင်းအချက်အလက်ဆိုင်ရာ အရာရှိ တစ်ဦးဖြစ်သူ အီနက်စ်ဟမ်ဒမ်က ကိုင်ရိုမြို့တွင် ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ဂါဇာတောင်ပိုင်းမြို့ဖြစ်သည့် ခန်ယူနစ်မြို့နှင့် ဂါဇာအလယ်ပိုင်းတို့ရှိ ဒုက္ခသည်များ ခိုလှုံရာနေရာများတွင် လူများပြည့်နှက်နေပြီဖြစ်ကြောင်း အစ္စရေးတို့၏ တိုက်ခိုက်မှုများကြားထဲမှပင် ဒုက္ခသည်စခန်း တစ်ခုစီတွင် လူပေါင်း ၁၆၀၀၀ နီးပါးရှိကြောင်း ၎င်းက ဆက်ပြောသည်။
UNRWA အဖွဲ့များသည် အစားအသောက်နှင့် ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ငတ်မွတ်ခေါင်းပါးမှုဘေးမှ ကျော်လွှားနိုင်ရေး လုံလောက်သည့် အစားအစာထောက်ပံ့မှုများ လိုအပ်သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ၂၀၂၃ခုနှစ် အောက်တိုဘာ ၇ ရက်မှ စတင်ကာ အစ္စရေးတို့သည် ထိုးစစ်ဆင်မှုများ အကြီးအကျယ်ပြုလုပ်ခဲ့သည်။
ထိုအချိန်မှစ၍ ပါလက်စတိုင်း ၃၆၄၃၉ ဦးထက် မနည်းသေဆုံးကာ ဒဏ်ရာရရှိသူပေါင်း ၈၂၆၂၇ ဦး ရှိသည်ဟု ဂါဇာဒေသ ကျန်းမာရေးအာဏာပိုင်များ ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆင်ဟွာ