၂၈ ဖေဖော်ဝါရီ
        

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၁၉ အာရှ ယူ-၁၆ အမျိုးသမီး ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု (ခ) ဒုတိယနေ့ကို မတ် ၁ ရက်နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဘင်္ဂလားဒေ့ရှ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
        

ဒုတိယနေ့အဖြစ် ညနေ ၃ နာရီတွင် တရုတ်အသင်းနှင့် ဖိလစ်ပိုင်အသင်း၊ ညနေ ၆ နာရီတွင် အိမ်ရှင်မြန်မာအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။


မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ပထမပွဲတွင် အာရှအင်အားကြီး တရုတ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သော်လည်း ခြေစစ်ပွဲအောင်မြင်ရန် လက်ကျန်နှစ်ပွဲက အရေးပါလျက်ရှိသည်။ လက်ကျန်နှစ်ပွဲတွင် ယနေ့ ယှဉ်ပြိုင်ကစားမည့် ဘင်္ဂလားဒေ့ရှ်နှင့်ပွဲမှာ အရေးပါနေပြီး နိုင်ပွဲရယူနိုင်မှသာ ဆက်လက်မျှော်လင့်နိုင်မည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်အသင်းသည် အဖွင့်ပွဲတွင် ဖိလစ်ပိုင်အသင်းကို ၁၀ ဂိုးပြတ်အနိုင်ရခဲ့သလို ဘင်္ဂလားဒေ့ရှ်လက်ရွေးစင် ကစားသမားများ ပါဝင်လာသောကြောင့် မြန်မာအသင်းအနေဖြင့် ခက်ခက်ခဲခဲ ကစားရဖွယ် ရှိနေသည်။ ဘင်္ဂလားဒေ့ရှ်အသင်း၏ သွင်းဂိုးအနေအထားအရ မြန်မာအသင်းအနေဖြင့် သရေကျ၍ပင်မရဘဲ အနိုင်ရမှသာ အခြေအနေကောင်းမည် ဖြစ်သည်။ 
    

မြန်မာ ယူ-၁၆ အမျိုးသမီးအသင်းသည် ယခုပြိုင်ပွဲတွင် အာရှခြေစစ်ပွဲ အောင်မြင်ရန် ရည်မှန်းထားပြီး တရုတ်နှင့်ပွဲမှ လိုအပ်ချက်များကို ပြင်ဆင်နိုင်ရန် လိုအပ်နေသည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်