ဇွန် ၃

သီရိလင်္ကာနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းများတိုက်ခတ်မှုကြောင့် ဆယ်ဦးသေဆုံးပြီး အခြား ငါးဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန ( ဒီအမ်စီ ) က ယမန်နေ့ကပြောကြားသည်။

သေဆုံးသူအများစုသည် မြို့တော် ကိုလံဘိုမှဖြစ်ကြောင်းနှင့် မိုးရေချိန် ၁၅၀ မီလီမီတာ ကျော်လွန်ကာမိုးရွာသွန်းခဲ့ကြောင်း ဖော်ပြထားသည်။

ကျန်းမာရေးဝန်ကြီးဌာနက ပြည်နယ်များရှိကျန်းမာရေးဌာန ညွှန်ကြားရေးမှူးများအား ဆေးရုံများတွင် အရေးပေါ်အခြေအနေအတွက် အသင့်ပြင်ထားရန်ညွှန်ကြားထားသည်။ ရေကြီးမှုပိုမိုးဆိုးရွားလာသဖြင့် ကျေးလက်ဒေသများမှ လူနာများကို ဆေးရုံများသို့ လေကြောင်းဖြင့် ပို့ဆောင်ရန်စီစဉ်ထားသည်။

မိုးလေဝသဌာနက  နိုင်ငံတစ်ဝန်းတွင် လာမည့် ၄၈ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း ယမန်နေ့က သတိပေးပြောကြားထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိသည်ဟု ဒီအမ်စီကဆိုသည်။ အများပြည်သူများအား ရေကြီးမှုဖြစ်ပွားရာဒေသများသို့သွားလာခြင်းမပြုကြရန်နှင့် နေအိမ်မှာပင်နေထိုင်ကြရန် တိုက်တွန်းပြောကြားထားသည်။ မိုးထပ်မံရွာသွန်းနိုင်သောကြောင့် စာသင်ကျောင်းများအားလုံး တနင်္လာနေ့တွင် ပိတ်ထားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို