ရန်ကုန် ဇွန်

 

အရာထမ်းလောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အုန်းတောခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က သင်တန်းသား၊ သင်တန်းသူများသည် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် ()ချက်ကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်အပါး(၃၀)ကို လိုက်နာကြမှသာ နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာကြမည်ဖြစ်ကြောင်း၊ ဝန်ထမ်းသက်တမ်းတစ်လျှောက် တော်၍ကောင်းသော၊ အဂတိတရားကင်းရှင်းသော ဝန်ထမ်းများဖြစ်အောင် ကြိုးစားအားထုတ်ကြရန်၊ တိုင်းပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်များကို မွေးမြူသွားကြရန်နှင့် သင်တန်းကရရှိသည့် အသိပညာရပ်များကို အခြေခံပြီး ထူးချွန်ထက်မြတ်သော ဝန်ထမ်းကောင်းများ ဖြစ်လာစေရေး ကြိုးစားကြရန် မှာကြားသည်။

 

ထို့အတူ အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ တက်ရောက်၍ ယခုသင်တန်းကို နိုင်ငံတော်၏ မူဝါဒ၊ လုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခြေအနေများအား သိရှိစေရန်၊ ကျောင်းသားများနှင့် စပ်လျဉ်းသည့် စီမံခန့်ခွဲရေးနှင့် သင်ကြားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို သိရှိစေရန်၊ ဆရာသိက္ခာနှင့် ကျင့်ဝတ်များ၊ စိတ်ဓာတ်ခံယူချက်များ ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် လူငယ်များကို ငယ်စဉ်တည်းက အသိပညာ၊ အတတ်ပညာနှင့်အတူ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ ရှိလာစေပြီး အမှန်နှင့်အမှား၊ အကောင်းနှင့် အဆိုးကို ခွဲခြားသိမြင်နိုင်စွမ်းရှိသည့် စွမ်းဆောင်ရည်မြင့်မားသော အနာဂတ်သားကောင်း ရတနာများဖြစ်အောင် ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

 

အဆိုပါ သင်တန်းဖွင့်ပွဲများသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင် ဦးစိုးတင့်၊ ဥက္ကဋ္ဌရုံးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/စီမံဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

အရာထမ်းလောင်း(အထူး) သင်တန်းသို့ သင်တန်းသား (၃၆)ဦး၊ သင်တန်းသူ (၇၈)ဦး စုစုပေါင်း(၁၁၄)ဦး တက်ရောက်ကြကြောင်းနှင့် အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၁၀၅)သို့ သင်တန်းသား (၂၉)ဦး၊ သင်တန်းသူ (၃၂၂)ဦး စုစုပေါင်း (၃၅၁)ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်