နေပြည်တော် ဇွန်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့ရှိ ပုဂ္ဂလိကမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ် ကင်းသာကျေးရွာ မွေးမြူရေးတောင်သူ၏ အသားတိုးဝက် မွေးမြူရေးခြံCP - အသားတိုးဝက်ကောင်ရေ (၁၂၀၀) မွေးမြူထားရှိမှုနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းနှင့် မိတ္ထီလာ၊ မန္တလေးမြို့တို့သို့ ဖြန့်ဖြူးပေးနေမှု အခြေအနေများကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ် ကံသာကျေးရွာ၌ Join Global Myanmar Co.,Ltd Ross-308 အသားစားမျိုး ကြက်ကောင်ရေ (၁၄၀၀၀) မွေးမြူထားရှိမှုနှင့် အသားစားကြက် မျိုးဥများ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုများကို လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးလုပ်ငန်းများတွင် ဇီဝလုံခြုံရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် လုပ်ငန်းခွင်ဆောင်ရွက်သူများ ကူးစက်ရောဂါ ကင်းစင်ရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များ၊ မွေးမြူရေးထွက်ကုန်များ ပြည်တွင်းစားသုံးမှု ဖူလုံပိုလျှံရေးနှင့် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးဆိုင်ရာများ၊ မွေးမြူရေးတိရစ္ဆာန် ကူးစက်ရောဂါများ သတိပြုကာကွယ်ရန် လိုအပ်ချက်များ၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ် ထိမ်းသိန်းရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်(ရေဆင်း)၌ တည်ဆောက်လျက်ရှိသည့် တိရစ္ဆာန်များအား ကူးစက်ရောဂါများ ကူးစက်ပြန့်နှံ့မှုမရှိစေရေးအတွက် သီးသန့်ထားရှိရန် ISOLATION CENTER ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ငါးလုပ်ငန်းဦးစီးဌာန၊ ရေဆင်းငါးစခန်း၏ ငါးမျိုးသားဖောက်ခြင်း၊ ဒေသတွင်းငါးမျိုးများ ဖြန့်ဖြူးခြင်း၊ ငါးမွေးတောင်သူများကို ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်(GAqP) သင်တန်းပေးခြင်းလုပ်ငန်းများ၊ စားဖား သားဖောက်မွေးမြူထားရှိမှုနှင့် ရွှေဝါငါးကြင်း ဆေးထိုးသားဖောက် မွေးမြူထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ငါးသားပေါက်များ လျာထားချက်ပြည့်မီစွာ ထုတ်လုပ်ပေးနိုင်ရေး၊ ကြီးထွားနှုန်း ပိုမိုကောင်းမွန်ပြီး ရောဂါဒဏ် ခံနိုင်ရည်မြင့်မားသည့် ငါးမျိုးများ ရွေးချယ်ထုတ်လုပ်ပေးနိုင်ရေး မှာကြားသည်။

 

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ကရုဏာ ကမ္ဘာဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး တိုင်းပြည်နှင့်လူမျိုးအတွက် နှစ်ရှည်လများ သက်စွန့်ကြိုးပမ်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် အသက်(၆ဝ)နှင့်အထက် အဘိုး အဘွား၊ တပ်မတော်သားများအတွက် ဆန်၊ ဆီနှင့် လှူငွေကျပ် ၁၀၀၀၀၀၀ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်