နေပြည်တော်၊ ဇွန်  

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၁ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်တောင်ကျေးရွာ ဖူဂျီဥစားကြက်မွေးမြူရေးခြံ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဇီဝလုံခြုံမှုဂရုပြုရေး၊ စျေးကွက်ကို အခြေခံသော စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ကန်ချယ်ရေလွှဲဆည် အထွေထွေပြုပြင်ခြင်းလုပ်ငန်းကို လည်းကောင်း၊  ဟိုပုံးချိုင့်ဝှမ်းအတွင်းရှိ နမ့်တဘက်ချောင်းဧရိယာ ရေကြီးနစ်မြုပ်မှု လျော့ပါးစေရေးနှင့် စိုက်ဧက တိုးတက်ရရှိရေးအတွက်လည်းကောင်း ကွင်းဆင်းစစ်ဆေးပြီး စိုက်ဧကများ ပိုမိုတိုးတက်ရေးအတွက် စိုက်ပျိုးရေ အဆင်ပြေချောမွေ့စွာ ပေးဝေနိုင်ရေး လက်တလော ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ရေရှည်အစီအစဉ်များဖြင့် ဆောင်ရွက်ရန် လိုအပ်ချက်များ ကို မှာကြားသည်။

ယင်းနောက် ဘန်းယဉ်မျိုးသန့်ခြံ၌ ဒေသနှင့်ကိုက်ညီသည့် သီးနှံမျိုးကောင်းမျိုးသန့် ထုတ်လုပ်ပေးနိုင်ရေး ဆောင်ရွက်နေမှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် သီးနှံအလိုက် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဟိုပုံးမြို့နယ်အတွင်းရှိ ကော်ဖီတောင်သူများ၏ ကော်ဖီအခွံချွတ် ကြိတ်ခွဲထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအား‌ပေးပြီး လိုအပ်ချက်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး သီးနှံစိုက်ပျိုးမှုနှင့် ထွက်ရှိမှု အချက်အလက်၊ ကိန်းဂဏန်း၊ စာရင်းဇယားများ ပြည့်စုံမှန်ကန်ရေး၊ ဆည်ရေသောက် ဧရိယာအတွင်းရှိ တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ဧကများ၊ စိုက်ပျိုးသည့် သီးနှံမျိုးနှင့် အထွက်နှုန်းများ ကောက်ယူကြရေး၊ အထူးဇုန်များအလိုက် ဆီထွက်သီးနှံများလျာထားဧရိယာပြည့် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိရေး ဆွေးနွေးမှာကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် ဇွန် ၂ ရက် နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် သံတဲ ကျေးရွာကွင်းအမှတ် (၆၇ (ခ) ၊ ၆၈) ၌ စက်မှုလယ်ယာဦးစီးဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်သည့် စနစ်ကျလယ်မြေ (၁၄၀) ဧက ဖော်ထုတ်ခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးနိုင်ရေး၊ လယ်ယာသုံး စက်ကိရိယာများ တွင်ကျယ်စွာအသုံးပြု စိုက်ပျိုးနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အောင်ပန်းမြို့ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေသသုတေသနဗဟိုဌာန၏ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အထွက်နှုန်းကောင်း၍ ကုန်းမြင့်ဒေသနှင့် သင့်တော်သော အစေ့ထုတ်ပြောင်း၊ ယာစပါး၊ ပဲပုတ်နှင့် ဂျုံသီးနှံ မျိုးကောင်းမျိုးသန့်များ မွေးမြူဖော်ထုတ်ရန်၊ ဒေသနှင့်သင့်တော်သော မိုးခေါင်ဒဏ်၊ ပိုးမွှား‌ရောဂါဒဏ် ခံနိုင်ရည်ရှိသည့် အထွက်နှုန်းကောင်း စပ်မျိုးပြောင်းမျိုးနှင့် ပဲပုတ်၊ ယာစပါးမျိုးများ မွေးမြူရွေးချယ်ရန်၊ ထုတ်‌‌ဝေပြီးသော မျိုးများနှင့် အကျိုးအမြတ် အများဆုံးရရှိစေမည့် စိုက်နည်းစနစ်များ ရှာဖွေရန်၊ ဖော်ထုတ်ရရှိသော မျိုးနှင့်နည်းပညာများအား တောင်သူများထံ အသိပေးအသုံးချစေရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်