နေပြည်တော်၊ ဇွန် ၃

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁) ရပ်ကွက်၊ ၁၀၂ လမ်း၊ ၆၄ လမ်းနှင့် ၆၅ လမ်းကြားတွင် အောင်ကျော်စိုး မောင်းနှင်၍ ဟိန်းသူရကို (ခ) ဖက်တီး လိုက်ပါလာသော NISSAN AD VAN အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါးများ ဖြစ်သည့် Happy Water သုည ဒသမ ၀၂ ကီလို၊ ကက်တမင်း သုည ဒသမ ၀၁ ကီလို သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၃ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ၇၄ လမ်းရှိ ဇော်မျိုးသန့် (ခ) အားချန်၏ နေအိမ်အခန်းအား ဝင်ရောက်ရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water သုည ဒသမ ၅၅၁ ကီလို၊ ကက်တမင်း သုည ဒသမ ၂၁ ကီလိုနှင့် ဘိန်းဆီခဲ ၃ ကီလိုတို့ကို ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ပင်လောင်းမြို့နယ်၊ ထိန်ပင်ကျေးရွာအုပ်စု၊ လိန်းလီကျေးရွာအနီးတွင် နေဆန်းဦး (ခ) အောင်ကွေ့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

အလားတူ ဇွန် ၂ ရက် ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန် ကျေးရွာအနီးတွင် ပေါလုမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ညနေ ၅ နာရီတွင် တာချီလိတ် မြို့နယ်၊ မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု၊ ဟွေယုန်း (ရွာသစ်) ကျေးရွာရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈၃,၀၀၀ ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား