ကဘူးလ်၊ ဇွန် ၃

အာဖဂန်နစ္စတန်နိုင်ငံ၌ ၂၀၂၄ ခုနှစ်အတွင်း ဒုတိယအကြိမ် နိုင်ငံအနှံ့  ပိုလီယိုရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှုကို ဇွန် ၃ ရက်တွင် စတင်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇွန် ၆ ရက်အထိ လေးရက်ကြာ လှုပ်ရှားဆောင်ရွက်မှုအတွင်း အသက်ငါးနှစ်အောက် ကလေးငယ် ၁၁ ဒသမ ၂ သန်းကို ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးသွားမည်ဖြစ်သည်။ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနသည် ၎င်းတို့၏ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ကာ အာဖဂန်နစ္စတန်နိုင်ငံတွင် ပိုလီယိုအရိုင်းပိုးကို အမြစ်ဖြတ်နိုင်သည်အထိ လုပ်ဆောင်သွားရန် ရည်မှန်းထားကြောင်း ယာယီပြည်သူ့ ကျန်းမာရေးဝန်ကြီး ဂျလာလီက ပြောသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် ငါးလဆက် ပိုလီယိုအရိုင်းပိုးရောဂါ ဖြစ်ပွားခြင်းမရှိကြောင်း  ကမ္ဘာ့ကျန်းမာရေး အဖွဲ့က မတ်လတွင် အစီရင်ခံဖော်ပြထားသည်။                         

ဆင်ဟွာ