ကိုလံဘို၊ ဇွန် ၄
သီရိလင်္ကာနိုင်ငံ၌ မကြာသေးမီက ရေကြီးရေလျှံမှုအတွင်း ၁၂ ဦး သေဆုံးပြီး အခြား ၈၇၀၀၀ ကျော် ရေဘေးသင့်မှု ဖြစ်ပွားခဲ့ကြောင်း ဇွန် ၃ ရက်တွင် ကာကွယ်ရေး ဝန်ကြီး တန်နာခွန်းက ပြောသည်။ မြို့တော် ကိုလံဘိုအပါအဝင် အနောက်ပိုင်း၊ ဆာဘရာဂါမူဝါနှင့် တောင်ပိုင်းပြည်နယ်တို့သည် ရေဘေးသင့်မှု အဆိုးရွားဆုံးခံရသော ပြည်နယ်များဖြစ်ကြောင်း ၎င်းကသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ရေကြီးရေလျှံ ဖြစ်ပွားမှုကြောင့် စုစုပေါင်း ၁၂ ဦး သေဆုံး ပြီး ငါးဦးပျောက်ဆုံးနေကြောင်း ၎င်းက ဆက်ပြောသည်။
လတ်တလောတွင် ပြောင်းရွှေ့ရေးနှင့် ကယ်ဆယ်ရေးစင်တာ ၁၁၉ ခုရှိပြီး ရေကြီးရေလျှံမှုဒဏ်သင့်သော ပြည်သူ ၂၃၇၀၀ ကျော် ခိုလှုံလျက်ရှိကြောင်း သိရသည်။ အနောက်ပိုင်း၊ ဆာဘရာ ဂါမူဝါ၊ အလယ်ပိုင်း၊ တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်း ပြည်နယ်များတွင် တစ်ခါတစ်ရံ မိုးထစ်ချုန်း ရွာသွန်းနိုင်ဖွယ်ရှိကြောင်း မိုးလေ ဝသဌာနက ဇွန် ၃ ရက်တွင် ပြောသည်။
သီရိလင်္ကာ ဘေးအန္တရာယ် စီမံခန့်ခွဲမှုစင်တာ (ဒီအမ်စီ)က နိုင်ငံတစ်ဝန်းတွင် ဇွန် ၂ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် ကိုလံဘိုမြို့ ဆင်ခြေဖုံးနှင့် အခြားဒေသ အများအပြားကို ရေကြီးရေလျှံမှု သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ဇွန် ၂ ရက် အစောပိုင်းကတည်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကိုလံဘိုမြို့ ဆင်ခြေဖုံးရှိ အဓိက ကီလာနီမြစ်နှင့် နိုင်ငံတောင်ပိုင်း ဂျင်မြစ်တို့၏ ရေမျက်နှာပြင်မှာ မြစ်ရေလျှံမှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဆည်မြောင်းဌာနက ပြောသည်။
ဆင်ဟွာ