၂၈ ဖေဖော်ဝါရီ

 

ခေတ္တရပ်နားထားသည့် ၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၅) ကို မတ် ၂ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို မြန်မာ ယူ-၂၂အသင်း၏ အာဆီယံ ယူ-၂၂ ပြိုင်ပွဲကြောင့် တစ်လနီးပါးရပ်နားထားခြင်းဖြစ်သည်။

 

ပွဲစဉ် (၅) ကို သုံးရက်ကြာကျင်းပမည်ဖြစ်ပြီး မတ် ၂ ရက်တွင် သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ဒဂုံအသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် Southern အသင်း၊ မတ် ၃ ရက်တွင် ဗထူးကွင်း၌ ရတနာပုံအသင်းနှင့် ဟံသာဝတီအသင်း၊ သုဝဏ္ဏကွင်း၌ Chinland အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် ရန်ကုန်အသင်း၊ မတ် ၄ ရက်တွင် မုံရွာကွင်း၌ စစ်ကိုင်းအသင်းနှင့် ဇွဲကပင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ် (၄) အပြီးတွင် ရခိုင်၊ ဧရာဝတီနှင့် ရတနာပုံအသင်းတို့က ရှစ်မှတ်စီ၊ စစ်ကိုင်း၊ ရန်ကုန်နှင့် ဟံသာဝတီအသင်းတို့က ခုနစ်မှတ်စီ၊ ရှမ်းယူနိုက်တက်အသင်းက ခြောက်မှတ်၊ ဇွဲကပင်အသင်းက ငါးမှတ်၊ ဒဂုံနှင့် Southern အသင်းက သုံးမှတ်စီ၊ မကွေးနှင့် Chinland အသင်းက တစ်မှတ်စီရထားသည်။ ယခုတစ်ပတ်တွင် အသင်းကြီးအချင်းချင်း တွေ့ဆုံမှုမရှိသော်လည်း မျှော်လင့်ချက်ကိုယ်စီဖြင့်ယှဉ်ပြိုင်မည့်ပွဲများကြောင့် အကြိတ်အနယ်ပွဲကောင်းများ ဖြစ်လာဖွယ်ရှိနေသည်။ ထို့ပြင် ပြိုင်ပွဲကို တစ်လနီးပါး ရပ်နားထားသောကြောင့် မထင်မှတ်သည့်ရလဒ်များလည်း ထွက်ပေါ်လာဖွယ်ရှိနေသည်။ ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံးတွင် ပထမဆုံးဦးဆောင်ခွင့်ရခဲ့သည့် ရခိုင်အသင်းသည် အိမ်ကွင်း ဆက်လက်ကစားရမည်ဖြစ်သော်လည်း လက်ရှိချန်ပီယံ ရန်ကုန်အသင်းနှင့် တွေ့ဆုံနေသောကြောင့် ရုန်းကန်ရဖွယ်ရှိနေသည်။ 

 

ဧရာဝတီအသင်းသည် ယခုရာသီတွင် ပထမဆုံးအိမ်ကွင်းပွဲအဖြစ် Southern အသင်းနှင့် ကစားရမည်ဖြစ်ပြီး အမှတ်တူနေသည့် ရခိုင်နှင့် ရတနာပုံအသင်းတို့ ပွဲကျပ်ကစားရခြင်းကို အခွင့်ကောင်းယူဖွယ်ရှိနေသည်။

 

နှစ်ပွဲဆက်အနိုင်ရထားသည့် ရတနာပုံအသင်းသည် အိမ်ကွင်း၌ ဟံသာဝတီအသင်းနှင့် ကစားရမည်ဖြစ်ပြီး ရလဒ်များဆိုးရွားနေသည့် မကွေးနှင့် တန်းတက် ဒဂုံအသင်းတို့ပွဲမှာလည်း ပြိုင်ဆိုင်မှုပြင်းထန်ဖွယ်ရှိနေသည်။

 

MNL အမှတ်ပေးပြိုင်ပွဲကို ပွဲစဉ် (၅) ပြီးပါက ထပ်မံရပ်နားမည်ဖြစ်ပြီး အာရှ ယူ-၂၃ ခြေစစ်ပွဲပြီးဆုံးသည့် မတ်လကုန်မှသာ ပြန်လည်ကျင်းပမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်