နေပြည်တော် ဇွန် ၄

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ချမ်းမြသာစည်မြို့နယ် အမှတ်(၃၀) အခြေခံပညာ အထက်တန်း ကျောင်း၊ ချမ်းအေးသာစံမြို့နယ် အမှတ် (၂၇) အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)နှင့်  အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းတို့သို့ ရောက်ရှိပြီး ကျောင်းသားကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ တက်ရောက်ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုသည်။

 

ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ပညာသင်ကြားရေးသည် လူတစ်ဦးချင်းအတွက် မဖြစ်မနေ အရေးကြီးသော လိုအပ်ချက်ဖြစ်ပါကြောင်း၊ အရည်အသွေးရှိသော အသိပညာ၊ အတတ်ပညာ ရှင်များဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ဆောင်ရွက်ကြရမည်ဖြစ်၍ ငယ်စဉ်ကတည်းက ကြိုးစား၍ လူတော်လူကောင်း အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်အောင်ကြိုးစားကြရန် ပြောကြားပြီး စာသင်ခန်း၊ စာသင်ဆောင်များ၊ ကျောင်းဝန်းအတွင်း ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရတနာပုံတက္ကသိုလ်၊ သီရိမင်္ဂလာခန်းမတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လက်တွေ့ခန်းသုံး၊ သုတေသနသုံး စက်ပစ္စည်းများကိုလည်း အကျိုးရှိရှိ ထိရောက်စွာ အသုံး ချစေလိုကြောင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်တတ်မြောက်စေရုံမျှမက မျိုးချစ်စိတ် နိုင်ငံချစ်စိတ်ရှိသော လူတော်လူကောင်းများဖြစ်အောင် လေ့ကျင့်သင်ကြားပေးစေလိုကြောင်း မှာကြားပြီး ဌာနအလိုက် တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ စားရိပ်သာတွင် ညနေစာစားသုံးနေမှုများကို သွားရောက်ကြည့်ရှု အားပေးကာ အသိပညာ၊ အတတ် ပညာများနှင့် ပြည့်စုံသည့် နိုင်ငံသားကောင်းရတနာများကို ပြုစုပျိုးထောင်ပေးသည့် ဆရာဆရာမ ကောင်းများ ဖြစ်လာစေရေးကြိုးစားကြစေလိုကြောင်း မှာကြားသည်။

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံ ပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၌ မေ ၂၃ ရက်မှ ဇွန် ၄ ရက်အထိ အခြေခံပညာကျောင်းသား ကျောင်းသူ ၆၆၇၂၃၂၉ ဦး လာရောက် အပ်နှံပြီးစီးခဲ့ပြီး ကျန်ရှိသည့် ကျောင်းသား ကျောင်းသူများလည်း ဆက်လက်၍ သက်ဆိုင်ရာ ကျောင်းများထံသို့ လာရောက်ကျောင်း အပ်နှံလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)