တာမွေ ဇွန် ၅
၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်နေ့မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအား တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် နေမျိုးသူရလမ်းရှိ ကျောက်ပန်းတောင်းစာသင်တိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူ (၁၁၅)ဦးကို အခမဲ့ ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ တာမွေမြို့နယ်ရှိ ကျောက်ပန်းတောင်းစာသင်တိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှု အခြေအနေများအား ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ ကျောက်ပန်းတောင်းစာသင်တိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအား အဆိုပါကျောင်း နာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနဓဇ သီရိပဝရဓမ္မာစရိယ၊ ဝိနယဝိဒူ ဒီဃနိကာယဝိဒူ၊ နိုင်ငံတော် သမ္မုတိရ သံဃာ့ကိုယ်စားလှယ် ဦးဆောင်ပြီး အခြေခံပညာ အလယ်တန်းကျောင်းအဖြစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစတင်၍ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူများအား ဖွင့်လှစ် ပညာသင်ကြားပေးလျက်ရှိကြောင်း၊ သူငယ်တန်း(KG)မှ (GRADE-9)အထိ ကျောင်းသား/ကျောင်းသူများအား ကျောင်း၌သာ တက်ရောက်ပညာသင်ကြားစေပြီး (GRADE-10) မှ (GRADE-12) အထိ ကျောင်းသား/ကျောင်းသူများအား အစိုးရ အခြေခံပညာကျောင်းများသို့ လွှဲပြောင်းအပ်နှံပြီး အဆိုပါ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင်သာ ပညာသင်ကြားပေးလျက်ရှိကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၁၅)ဦးကို အဆိုပါ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် အခမဲ့ ပညာသင်ကြားပေးလျက်ရှိပြီး ကျောင်းအပ်လက်ခံခြင်းများကိုလည်း ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)