ပွင့်ဖြူ ဇွန် ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ဇွန် ၅ ရက် နံနက်ပိုင်းက တာဝန်ရှိသူများပူးပေါင်း၍ မြို့ပေါ်ရှိ စားသုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဈေးကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသုံးဆီအရောင်းဆိုင်များသို့ သွားရောက်ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးဆီများ ဖြန့်ဖြူးရောင်းချရာ၌ ပြည်သူများ အဆင်ပြေစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် သတ်မှတ်ကာလပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ ဆီချိန်တွယ်မှုမှန်ကန်ရေး အလေးထားဆောင်ရွက်ရန်၊ ကျန်းမာရေးဆိုးကျိုးဖြစ်စေသော တရားမဝင်ဆီများနှင့် ရောနှောရောင်းချခြင်းမပြုရန်၊ စားသုံးဆီများ တင်သွင်းရောင်းချရာ၌ လိုက်နာရမည့် စားသုံးသူအခွင့်အရေး များဆိုင်ရာ သိကောင်းစရာများ၊ လိုက်နာရန်ပျက်ကွက်ပါက အရေးယူခံရမည့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)
သတင်းပေးပို့သူ ဦးလှိုင်ဝင်းလေး
ဖုန်း ၀၉၆၉၁၁၂၃၀၉၆