ဇွန် ၅

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတပ်ဖွဲ့၏ဆက်လက်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးသူဦးရေ ၃၆၅၅၀ ရှိလာကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်များက ယမန်နေ့ကသတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း အစ္စရေးတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၇၁ ဦးသေဆုံးပြီး ၁၈၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလက ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ဒဏ်ရာရရှိသူ ၈၂၉၅၉ ဦး ရှိလာကြောင်း ဖော်ပြထားသည်။ အစ္စရေးတပ်ဖွဲ့သည် ဂါဇာတောင်ပိုင်း တယ်လ်အယ်လ်ဟာဝါမြို့မှဆုတ်ခွာသွားပြီးနောက် ပါလက်စတိုင်း ၁၄ ဦး၏အလောင်းကို အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့များက ရှာဖွေတွေ့ရှိခဲ့ကြောင်း ပါလက်စတိုင်း လုံခြုံရေးတပ်ဖွဲ့က သတင်းထောက်များကို ပြောကြားသည်။

ဂါဇာတောင်ဘက်အစွန်ဆုံးရှိရာဖာမြို့တွင် အစ္စရေးတပ်ဖွဲ့က လေကြောင်းဖြင့်အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး အရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်များနှင့် မျက်မြင်သက်သေများက ပြောကြားသည်။ ဂါဇာကမ်းမြောင်ဒေသရှိ ရေချိုစက်ရုံများတွင် စက်သုံးဆီပြတ်တောက်မှုကြောင့်လုပ်ငန်းလည်ပတ်မှုရပ်ဆိုင်းခဲ့သည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းနယ်စပ်ဒေသကို ဟားမတ်စ်တို့၏ထိုးစစ်ဆင်တိုက်ခိုက်ခဲ့မှုကြောင့် အစ္စရေး ၁၂၀၀ သေဆုံးခဲ့ပြီး ၂၅၀ နီးပါး ဓားစာခံခေါ်ဆောင်သွားခဲ့သည်။ အစ္စရေးတပ်ဖွဲ့က ဟားမတ်စ်တို့ကို တုံ့ပြန်သည့်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို