ရန်ကုန် ဇွန် ၅
ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပြီး ရွှေဈေးနှုန်း တည်ငြိမ်ရေးအတွက် ရွှေဆိုင်များအနေဖြင့် နေ့စဉ်ရွှေဆိုင်များအား ဖွင့်လှစ်ခြင်း၊ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းများကို ဆောင်ရွက်ပေးရန် အသိပေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA ) က ဇွန် ၅ ရက်တွင် ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ နေ့စဉ်ရောင်းချရမည့် ရွှေဈေးနှုန်းကို တစ်နေ့(၃)ကြိမ် သတင်းထုတ်ပြန်ပေးလျက်ရှိပြီး ရွှေရောင်းချသည့်အခါတွင် သတ်မှတ်ဈေးနှုန်း အတိုင်းရောင်းချရန် အသိပေးသည်ဟု YGEA ကထုတ်ပြန်ထားသည်။ ထို့အပြင် ထုတ်ပြန်ချက်အတွင်း ရွှေဆိုင်များကိုလည်း နေ့စဉ်ဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ကြပါရန် အသိပေးကြောင်း ဖော်ပြထားသည်။
သက်ဆိုင်ရာမှ လာရောက်စစ်ဆေးသည့်အခါတွင် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်သည်ဟုလည်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်၌ပါရှိသည်။
ရွှေစျေးအခြေအနေနှင့် ပတ်သက်၍ တာဝန်ရှိသူများက ရွှေဆိုင်လုပ်ငန်းရှင် အချို့ကို ခေါ်ယူစစ်ဆေးခဲ့ပြီး တရားမဝင် ရွှေအရောင်းအဝယ်ပြုလုပ်သူ(၂၁)ဦးကို ဇွန် (၂)ရက်တွင် ဖမ်းဆီးခဲ့သည့်အပြင် ရွှေဈေးမြင့်တက်ရန်အတွက် နောက်ကွယ်မှ ဆောင်ရွက်နေသည့် ဝိန့်စိန်ရွှေဆိုင်၊ ဇွဲထက်ရွှေဆိုင်၊ အောင်သမာဓိရွှေဆိုင်တို့မှ တာဝန်ရှိသူများ အပါအဝင် ထွက်ပြေးတိမ်းရှောင်သူ (၁၀)ဦးကိုလည်း အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။
MT