ရန်ကုန် ဇွန် ၅
အစိုးရရုံးပိတ်ရက် ၂၀၂၄ခု ဇွန် ၂၃ ရက်(တနင်္ဂနွေနေ့) နံနက် ၉ နာရီခွဲ မှ မွန်းလွဲ ၂ နာရီအတွင်း မြန်မာနိုင်ငံသား ၂၀၀ ခန့် နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးခြင်းကို အထူးအစီအစဉ် ဖြင့်လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။
စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၂၀ ခန့်ကို နေ့စဉ် online appointment စနစ် ၇၅ ဦးခန့်နှင့် Whatsapp appointment စနစ် ၄၅ ဦးခန့်တိုဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ပုံမှန်ဆောင်ရွက်ပေးလျက်ရှိပြီး သံရုံး website မှ online appointment ရယူရန်အခက်အခဲနှင့် အလုပ်ချိန်အားလပ်ရက် အခြေအနေများကြောင့် ယခုအခါ စင်ကာပူနိုင်ငံ၌ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် စောင့်ဆိုင်းနေရသည့် မြန်မာနိုင်ငံသား အများအပြားရှိနေကြောင်း ကြားသိရသည်ဟု ပါရှိသည်။
ထို့ကြောင့် မြန်မာနိုင်ငံသားများ၏ အခက်အခဲများကို အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် စင်ကာပူမြို မြန်မာသံရုံးမှ အစိုးရရုံးပိတ်ရက် ၂၀၂၄ ခု ဇွန် ၂၃ရက်(တနင်္ဂနွေနေ့) နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၂ နာရီအတွင်း မြန်မာနိုင်ငံသား ၂၀၀ ခန့် (နိုင်ငံကူးလက်မှတ် ကုန်ဆုံးရက် ၂၀၂၅ ဩဂုတ် ၃၁) ရက်အထိ) နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးခြင်းကို အထူးအစီအစဉ်ဖြင့် လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဇွန်၂၃ ရက်တွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဆောင်ရွက်လိုသူများအနေဖြင့် ဇွန် ၁ ရက်မှ ၁၄ ရက်အတွင်း နိုင်ငံကူးလက်မှတ် စာမျက်နှာနှင့်သက်တမ်းရှိ IC Card ရှေ့၊ နောက် မိတ္တူတိုကို Whatsapp နံပါတ်(+6581748993)သို့ ပေးပို့၍ စာရင်းပေးသွင်း နိုင်ပါကြောင်း၊ ဇွန် ၂၃ ရက်တွင် သက်တမ်းတိုး လာရောက်ဆောင်ရွက်ခွင့် ရရှိသူများ အမည်စာရင်းကို ဇွန် ၁၉ရက်တွင် သံရုံး website ၌ကြေညာပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပါ နိုင်ငံကူးလက်မှတ်များကို ဇွန် ၂၅ ရက်မှ ၂၇ ရက် (မွန်းလွဲ ၁ နာရီ ၃ နာရီအတွင်း) ၌ ပြန်လည်ထုတ်ပေးမည့် စာရင်းကို ထပ်မံကြေညာ ပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့အတူ မြန်မာသံရုံး WhatsApp သို့ စာရင်းပေးသွင်းရာတွင် စာရွက်စာတမ်း အတုပြုလုပ်ခြင်း၊ အခကြေးငွေရယူသူများမှတစ်ဆင့် ပေးပိုခြင်းမျိုးမပြုပါရန်နှင့် အဆိုပါ အထူးအစီအစဉ်အတွက် မြန်မာသံရုံးအနေဖြင့် မည်သည့်ပုဂ္ဂလိက ဝန်ဆောင်မှုကုမ္ပဏီ၊ လူပုဂ္ဂိုလ်တို့ကို ဝန်ဆောင်မှု ပေးထားခွင့်မရှိပါကြောင်း၊ WhatsApp သို့ အချက် အလက်များပေးပို့ရန် အခက်အခဲရှိပါက မြန်မာနိုင်ငံသား အချင်းချင်းအကြား ကူညီစောင့်ရှောက်မှုပြုပေးကြပါရန် မြန်မာသံရုံးမှ မေတ္တာရပ်ခံပါကြောင်းလည်း ဖော်ပြထားသည်။
MT