ရန်ကုန် ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီးတွင် မေ ၁၇ ရက်အထိ ဆားကွင်းများ ပိတ်သိမ်းချိန်အထိ ယခုနှစ် ဆားရာသီတွင် မက်ထရစ်တန်ချိန် ၁၇၀၀၀၀ ကျော်  ထွက်ရှိခဲ့ပြီး  ဧရာဝတီတိုင်းဒေသကြီးမှ ဆားလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး၌ ယခုနှစ်ဆားရာသီတွင်  ဆားကွင်းစုစုပေါင်း ၅၁၄ကွင်း၊ ဆားထုတ်လုပ်မှုဧက  ၂၁၁၆၆.၄၁ ဧက မှဇန်နဝါရီလမှစ၍ မေ ၁၇ရက်ဆားကွင်းများ ပိတ်လိုက်သည့် အချိန်အထိ ၁၇၂၈၁၅ မက်ထရစ်တန် ထွက်ရှိခဲ့ပြီး အယ်လ်နီညို ရာသီဥတုကြောင့် မျှော်မှန်းထားသည့် ပမာဏထက် ဆားပိုမိုထွက်ရှိခဲ့ကြောင်းနှင့် ပြီးခဲ့သည့်နှစ်ဆားရာသီထက်လည်း ဆားထွက်ရှိမှုနှုန်း ပိုများကြောင်း ပြောကြားသည်။

"မေလ ၁၇ ရက်မှာ ပိတ်လိုက်တာ။ လျာထားချက်က  မက်ထရစ်တန် ၁၆၅၀၀၀ ပေါ့၊ ဒါပေမဲ့ ထွက်တာက  ၁၇၂၈၁၅ မက်ထရစ်တန်ပေါ့။ ဒီနှစ်က အယ်လ်နီညိုရာသီဖြစ်ခဲ့တဲ့ ဆားက မျှော်မှန်းထားတာထက်တောင် ပိုထွက်ခဲ့တယ်။ အရင်နှစ်က  ၁၄၂၀၀၀ မက်ထရစ်တန် ပဲထွက်ခဲ့တော့ အရင်နှစ်ဆားရာသီထက်လည်း ပိုထွက်ခဲ့တာပေါ့ "ဟု ယင်းကပြောကြားသည်။

ဆားရာသီဖြစ်သော အောက်တိုဘာလမှစ၍ ဆားလုပ်ငန်းကို စတင်လုပ်ကိုင်ကြသော်လည်း ဇန်နဝါရီလမှစ၍ ဆားစတင်ထွက်ရှိပြီး ဧပြီလနှင့်မေလတွင် အများဆုံးထွက်ရှိကာ ရာသီဥတုကောင်းမွန်ပါက ဧပြီလတစ်လတည်း ဆားထွက်ရှိမှုနှုန်းသည် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လ  ၃ လ ဆားထွက်ရှိမှုနှုန်းထက်ပင် ပိုမိုများပြားကောင်းလည်း သိရသည်။

လက်ရှိတွင် ဧရာဝတီတိုင်းမှ ထွက်ရှိသည့်ဆားများကို ပြည်ပသို့တင်ပို့နိုင်ခြင်းမရှိသေးဘဲ ပြည်တွင်းဈေးကွက်၌သာ တင်ပို့ရောင်းချပေးနေကြောင်းနှင့် ပြည်ဆားတစ်ပိဿာလျှင် ၁၀၅ ကျပ်သာရှိကြောင်းလည်း ၎င်းကပြောကြားသည်။

"ဒီရာသီကတော့ ဆားကွင်းတွေ အသိမ်းမှာကတော့ ကွင်းပိတ်တဲ့အခါ အလုပ်သမားတွေကိုရှင်းဖို့ ငွေကြေးလိုအပ်တဲ့အခါ ရောင်းတာများတော့ ဈေးကျတတ်တာပေါ့။ ဈေးကျပေမဲ့လည်းအချို့ကျတော့ မဖြစ်မနေရောင်းရမယ့် သူတွေကျတော့လည်း ရောင်းကြတာပေါ့။ ဒါပေမဲ့လည်း ဈေးကလည်း သိပ်မရှိတော့ စရိတ်တတ်နိုင်တဲ့ သူတွေကျတော့ ဈေးမကြိုက်ရင် မရောင်းဘဲ ဆားဂိုတောင်တွေမှာ လှောင်ထားကြတာပေါ့။ ဇူလိုင်၊ ဩဂုတ်လောက်ဆိုရင် သိုလှောင်တဲ့ဆားတွေပဲရှိတော့ ဈေးသိပ်ပြီးတော့ မကျတော့ဘဲ ဈေးငြိမ်သွားတာတွေရှိတော့ အဲဒီအချိန်မှ ထုတ်ရောင်းတာတွေလည်းရှိတယ်"ဟု ၎င်းက ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ငပုတောမြို့နယ်၊ လက်ပွတ္တာမြို့နယ်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်၃ခုတွင် ဆားလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး ငပုတောမြို့နယ်မှ အများဆုံးထွက်ရှိပြီး လက်ပွတ္တာမြို့နယ်မှ ဒုတိယအများဆုံး ထွက်ရှိကြောင်းလည်း သိရသည်။

MT