နေပြည်တော် ဇွန် ၅
ခရီးစဉ်ဒေသများတွင် One Tourist One Tree အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် စံပြကျေးရွာများတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism – CBT) များကို ပေါင်းစပ်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေ သကြီးနှင့် ပြည်နယ်အသီးသီးရှိ စံပြကျေးရွာများအနက် အလားအလာရှိသော ကျေးရွာများကို စနစ်တကျရွေးချယ်ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လည်ပတ်နိုင်ရန်နှင့် ထိုအစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခရီးစဉ်ဒေသများတွင် One Tourist One Tree အစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် စံပြကျေးရွာများတွင် လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism-CBT) များကို ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တို့နှင့်စပ်လျဉ်း၍ တက်ရောက်လာကြသူများအနေဖြင့် ဝိုင်းဝန်အကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနောင် နောင်လင်းအောင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီတာအေးတို့က ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ လူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT) အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် “One Tourist One Tree” အစီအစဉ်နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက စံပြကျေးရွာများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် One Tourist One Tree အစီအစဉ်နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်