နေပြည်တော် ဇွန် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်များသို့ မျိုးစေ့ချကိရိယာ (Seeder) များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ညနေ ၃ နာရီတွင် လယ်ဝေးမြို့နယ် သီရိမင်္ဂလာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် ကောင်စီဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သီးနှံစိုက်ပျိုးတောင် သူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်အတွင်း သီးနှံစိုက်စွမ်းအား ဖွံ့ဖြိုးတိုးတက်စေရန် သီးထပ်၊သီးညှပ်သုံးသီးအပြည့် စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများ၊ တောင်သူများအနေဖြင့် အတူတကွ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစန်းလွင်က မျိုးစေ့ချကိရိယာ Seederများ လိုအပ်မှု၊ ရရှိမှုအခြေအနေများနှင့် မိုးစပါးစိုက်ပျိုးရာ သီတွင် ဆက်လက် ဆောင်ရွက်မည့်အစီအမံများ၊ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဦးက Seeder ထုတ်လုပ်ပြီးစီးမှုနှင့် ရာသီချိန်အမီရရှိရေး ဆောင် ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက နေပြည်တော်အတွင်းရှိ မြို့နယ်အလိုက် မျိုးစေ့ချကိရိယာ Seeder များကို ပေးအပ်ရာ သက်ဆိုင်ရာမြို့နယ်များမှ တောင်သူများက လက်ခံရယူကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မျိုးစေ့ချကိရိယာများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
ယနေ့ အခမ်းအနားတွင် သီးနှံစိုက်ပျိုးတောင်သူများအတွက် မျိုးစေ့ချကိရိယာ Seeder ထောက်ပံ့ပေးအပ်မှုအနေဖြင့် လယ်ဝေးမြို့နယ်အတွက် ၉၂ ခု၊ ဒက္ခိဏသီရိ မြို့နယ်အတွက် ၁၅ ခု၊ ဇေယျာသီရိမြို့နယ် အတွက် ၁၀ ခု၊ ပုဗ္ဗသီရိမြို့နယ်အတွက် ၁၆ ခု၊ တပ်ကုန်းမြို့နယ်အတွက် ၄၀ ခု၊ စုစုပေါင်း ၁၇၃ ခုပေးအပ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ် အေလာအုပ်စု ရေလည်ကွေ့ကျေးရွာ အလင်းရောင်စာကြည့်တိုက်သို့ ရောက်ရှိပြီး စာကြည့်တိုက် အတွင်း ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုနေမှုကို ကြည့်ရှုအားပေးပြီး စာကြည့် တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်များအား ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် အေလာအုပ်စု ကွင်း အမှတ်(၁၇၃၅)ရှိ အေလာယာယီရေထိန်းဆည်မှ လျှပ်စစ်ရေတင်စနစ်ဖြင့် စိုက်ပျိုးထားရှိ သည့် နွေနှမ်း ၁၆၃ ဧက အောင်မြင်ဖြစ်ထွန်းနေမှု၊အေလာအုပ်စု ရွာမရပ်ရှိ နေမျိုးထွန်း ပဲမျိုးစုံ ခြွေလှေ့စက်ထုတ်လုပ်ရေးလုပ်ငန်းတွင် စပါးမျိုးစေ့ချကိရိယာများ ထုတ်လုပ်နေမှုနှင့် ဝက္ကမူကျေးရွာ ရွှေမူရောင်ခြည်ဦး စာကြည့်တိုက်အခြေအနေများကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်