မုံရွာ ဇွန် ၆

 

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ဇွန် ၅ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ပညာဘဏ်တိုက်စာကြည့်တိုက်” တေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပညာသင်ခြင်းသည် နိုင်ငံ၏ အနာဂတ်တွင် မရှိမဖြစ်အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်ခြင်းဖြစ်၍ လူငယ်များအပါအဝင် ပြည်သူများစာဖတ်ကြစေရန်၊ စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်‌ကောင်းများ ဖန်တီးပေးရန်နှင့် အသိပညာမြင့်မားအောင် လုပ်ဆောင်ကြရန်အတွက် စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားရေးအား လုပ်ဆောင်ကြရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများအား စဉ်ဆက်မပြတ်ကြီးကြပ်ခြင်း၊ ပံ့ပိုးကူညီခြင်းများ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်/ရပ်ကွက်၊ ကျေးရွာများမှ တာဝန်ရှိသူများ အခြေခံပညာကျောင်းများနှင့် အဆင့်ဆင့်သော အဖွဲ့အစည်းများမှ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများတွင် အလေးထားကာ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အနာဂတ်တွင် ခေါင်းဆောင်ရမည့် လူငယ်များအနေဖြင့် မိမိတွင်ရှိထားသည့် ဗဟုသုတများအား အခြေခံစဉ်းစား၍ လုပ်သင့်၊ မလုပ်သင့်သည်များအား ခွဲခြားဆုံးဖြတ်နိုင်မှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများအား ဆရာ/ဆရာမများ၊ မိဘပြည်သူများနှင့် တာဝန်ရှိသူများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

 

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကျပ် ၅ သိန်းတန်ဖိုးရှိ သုတ၊ ရသ စာအုပ်စာစောင်များအား မုံရွာမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း ၁၃ ကျောင်းမှ ကျောင်းအုပ်ကြီးများထံ ပေးအပ်လှူဒါန်းကြပြီး ဆရာမကြီးများမှ ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရေးတို့အား ဟောပြောဆွေးနွေးကြသည်။

 

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၏ ဇနီးများမှ ဟောပြောဆွေးနွေးကြသည့် ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများကိုယ်စား ကျောင်းအုပ်ဆရာမကြီးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ ကျောင်းစာကြည့်အတွင်း ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာနေမှုများနှင့် စာကြည့်တိုက်အတွင်း စာအုပ်/စာစောင်များ စနစ်တကျထားရှိမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများ စာဖတ်ဝိုင်းဆွေးနွေးပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားရှိသော သုတ၊ ရသ စာအုပ်စာစောင်များအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)