ရန်ကုန် ဇွန် ၆
ယခုကာလ၌ မြန်မာနိုင်ငံတွင် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုပါက မွေးမြူရေးငါးခူ မွေးမြူခြင်းဖြင့် ဝင်ငွေတိုးလာစေနိုင်ကြောင်း ငါးသားပေါက်မွေးမြူရေး လုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။
ယင်းကဲ့သို့ မွေးမြူရေးငါးခူကို တစ်ပိုင်တစ်နိုင် မွေးမြူနိုင်သကဲ့ စားဖားနှင့် ငါးပြေမတို့ကိုလည်း တစ်ပိုင်တစ်နိုင် မွေးမြူနိုင်ကြပြီး ယင်းသုံးမျိူးမှာ ကာလတိုသဖြင့် သုံးလအတွင်း ရောင်းတန်းဝင်နိုင်ကာ ဝင်ငွေတိုးစေနိုင်ကြောင်းလည်း သိရသည်။
"တစ်ပိုင်တစ်နိုင် မွေးမြူချင်တဲ့ဆန္ဒ ရှိရင်ပေါ့။ တချို့ကတော့ တာလပတ်တွေနဲ့ မွေးကြတာရှိတယ်။ အဲဒါကျ ငါးမြစ်ချင်း၊ ငါးမုန့်ကမွေးလို့မရဘူး။ မွေးလို့ရတာက ဖားနဲ့မွေးမြူရေးငါးခူ၊ ငါးပြေမပေါ့ မွေးလို့ရတယ်။ တခြားဧကလိုက် မွေးမယ်ဆိုရင်တော့ ငါးမြစ်ချင်း၊ ငါးမုန့်၊ ရွှေဝါ၊ ငါးခေါင်းပွကတော့ ပုံမှန်မွေးကြတာပေါ့။ တစ်ပိုင်တစ်နိုင်ကတော့ ဖားနဲ့ မွေးမြူရေးငါးခူပေါ့။ နောက်ငါးပြေမက အုတ်ကန်နဲ့ မွေးလို့ရတယ်။ ချောင်ချောင်လေးလည်းဖြစ်ရမယ်ပေါ့။ စားဖား၊ ငါးခူ၊ ငါးပြေမ အဲဒီ သုံးမျိုးက နှစ်လ ၊ သုံးလဆို ဆိုက်ကြီးအနေ ထုတ်လို့ရပြီလေ။ ဒါကို တစ်ပိုင်တစ်နိုင် မွေးမြူနိုင်ကြမယ်ဆိုရင် ကာလလည်းတို၊ ဈေးကွက်လည်းဝင်၊ ဝင်ငွေလည်းတိုးစေနိုင်တယ်၊ ကိုယ့်ငါးအကောင်ရေနဲ့ ကိုယ့်အစာကိုလည်း ကျွေးတတ်ဖို့လိုတာပေါ့နော်" ဟု ခရမ်းမြို့နယ်ရှိ ဧကတစ်ရာကျော် ငါမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သည့် ကိုဇော်မိုး ငါးသားပေါက်ရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ဆိုသည်။
လက်ရှိအချိန်သည် ငါးသားပေါက်ရာသီဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ငါးသားပေါက်ရာသီကို ဧပြီ၊ မေ နှင့် ဇွန်လအထိ သတ်မှတ်ဆောင်ရွက်ခဲ့ကာ ဇူလိုင်လမှ စတင်ကာ ငါးဖမ်းရာသီအဖြစ် သတ်မှတ်ထားသည်။
ပြီးခဲ့သည့်နှစ်များအတွင်းက မြန်မာ့ပင်လယ်ပြင်အတွင်း ငါးမဖမ်းရကာလ Closed Season အား ငါးဖမ်းလှေ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး နှစ်လမှ သုံးလအထိ ပိတ်သိမ်းခဲ့ကြောင်းနှင့် ငါးသားပေါက်ရာသီ (သို့မဟုတ်) ငါးမဖမ်းရကာလအား ဧပြီ၊ မေ၊ ဇွန်လများအဖြစ် သတ်မှတ်ထားပြီး တစ်နှစ်လျှင် ရှေ့တစ်လစီတိုးကာ သတ်မှတ်သွားမည့် အစီအစဉ်အတိုင်း ဆောင်ရွက်နေကြောင်း သိရသည်။
Thit Taw