ယနေ့ကမ္ဘာကြီးတွင် ဆက်သွယ်ရေးနည်းပညာ အကျိုးကျေးဇူးကြောင့်ကမ,ဘာကြီးသည် ရွာကြီးသဖွယ် အလွယ်တကူ ထိတွေ့ဆက်ဆံနိုင်ပြီဖြစ်သည်။ ဝေးကွာသောနေရာဒေသများသို့ ကိုယ်တိုင်သွားရောက်စရာမလိုတော့ဘဲ အရုပ်၊ အသံ၊ စာတို့ကို ချက်ချင်းဖလှယ်နိုင်သည်မှာ ဆက်သွယ်ရေးနည်းပညာ အကျိုးကျေးဇူးဖြစ်သည်။ သို့သော် ထိုနည်းပညာကိုတစ်ကမ္ဘာလုံး၊ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်ရေး တစ်ပြေးညီ သတ်မှတ်ထား သော စံဖြင့် အသုံးပြုမှသာ အဆင်ပြေမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးနည်းပညာကို အသုံးပြုလာနိုင်သည်မှာ ဆယ်စုနှစ် နှစ်ခုခန့်ရှိပြီ။ ထိုသို့ အသုံးပြုလာရာတွင် ပုဂ္ဂလိက ကဏ္ဍနှင့် အစိုးရကဏ္ဍအပိုင်း၌ ပုဂ္ဂလိကကဏ္ဍမှာ အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်လာသည်ဟု ဆိုနိုင်သည်။ မိုဘိုင်းလ်ဖုန်းအသုံးပြုရာ၌ မြန်မာနိုင်ငံ လူဦးရေ အရေအတွက်ထက်ပင် ကျော်လွန်အသုံးပြုနိုင်ပြီး တယ်လီဖုန်းသိပ်သည်းဆမှာ ရာခိုင်နှုန်းပြည့် ကျော်လွန်ကာ ယင်းတို့တွင်အင်တာနက်အသုံးပြုနိုင်မှု ၈၀ ရာခိုင်နှုန်းကျော်ရှိသည်။

မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် သတ်မှတ်ထား သည့် စီးပွားရေးရည်ရွယ်ချက်များတွင Data ID Card System ၊ Digital Government Strategy နှင့် e- Government System   ထူထောင်ရန်တို့ ပါဝင်သည်။ ထိုသို့ထူထောင်ခြင်းအားဖြင့် မိမိတို့နိုင်ငံသည် တိုးတက်နေသော ကမ္ဘာကြီးထဲသို့ ဝင်လာရုံတင်မကဘဲ မိမိတို့ရင်ဆိုင်နေရသည့် ပြဿနာများအတွက်ပါ ကျော်လွှားနိုင်မည့် အခွင့်အရေးများ ရရှိနိုင်ပါကြောင်း၊ ထို့ကြောင့် e- Government စနစ်ကိုအမြန်ဆုံးထူထောင်ရန် အလွန်အရေးကြီးပါကြောင်း e- Government ဦးဆောင်ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးမှုနှင့် သုံးစွဲမှု အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေသည်ဟု ဆိုသော်လည်း အသုံးပြုနေသည့်စနစ်သည် ခေတ်နှင့်အညီဖြစ်ရန်နှင့် သတ်မှတ်စံဝင်ရန် လိုအပ်နေသေးသည်။ သုံးစွဲသည့်စနစ်များသည် ခေတ်နှင့်အညီဖြစ်ရန် အရေးကြီးပြီး ပြည်သူပြည်သားများနှင့် နိုင်ငံလုံခြုံမှုကိုကာကွယ်နိုင်သည့်စနစ်လည်း လိုအပ်ပေ သည်။ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေသော ဒစ်ဂျစ်တယ်ခေတ်ကြီးတွင်ဆက်သွယ်ရေးစနစ် တိုးတက်မှုနှင့်အတူ စိန်ခေါ်မှုများလည်း ပိုများလာ သည်။ ယင်းတို့ကို အပြုသဘောဆောင် တိုးတက်မှုနှင့် လွယ်ကူချောမွေ့စွာ အသုံးပြုနိုင်မှုကို အစဉ်တစိုက် ဆောင်ရွက်သွားရမည်ဖြစ်သည်။အစိုးရကဏ္ဍတွင် အသုံးပြုနေသော e- Government သည်တစ်နိုင်ငံလုံးလွှမ်းခြုံအသုံးပြုနိုင်မှု လိုအပ်နေပြီး e- Government ဦးဆောင်ကော်မတီ ပထမအကြိမ်အစည်းအဝေးတွင် ဦးဆောင်ကော်မတီနာယက က e- Government စနစ် မြန်မြန်တိုးတက်အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ရာ တွင် အဓိကကျသည့်အချက်သုံးချက်ဖြစ်သည့် ကျွမ်းကျင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်မှုအပိုင်းကို စတင်လုပ်ဆောင်ရန်နှင့် အစိုးရ ဌာနအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း လမ်းညွှန်ထားသည်။


လက်ရှိကာလတွင် အစိုးရ၏ အီလက်ထရွန်နစ် ဝန်ဆောင်မှုများကိုပြည်သူအားလုံး သိရှိနားလည်ရေးအတွက် လိုအပ်နေသောအချက်သည်မြန်မာဘာသာစကားဖြင့် ဝန်ဆောင်မှုပေးရန် ကွန်ပျူတာသုံး မြန်မာ ဘာသာစကားစနစ်ကို ပြုပြင်ရန်လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထောက်ပြခဲ့သည်။ လက်ရှိအသုံးပြုနေသော မြန်မာစာစနစ်မှာ နားလည်တတ်ကျွမ်းနိုင်စွမ်းနည်းပါးပြီး လူတိုင်းနားလည်နိုင်စွမ်းရှိသည့်မြန်မာဘာသာစကားစနစ်ကို ဦးစွာအသုံးပြုနိုင်အောင် အရေးတကြီးလုပ်ဆောင်ကြရမည်ဖြစ်သည်။ 

သို့ဖြစ်ရာ ဆက်သွယ်ရေးနည်းပညာများအားလုံး လွှမ်းခြုံအသုံးပြု နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပိုမိုကောင်းမွန်သောနည်းစနစ်များကို ပိုမိုတိုးချဲ့၍ ပူးပေါင်းလက်တွဲဆောင်ရွက်သွားကြပါရန် တိုက်တွန်းအပ်ပါသည်။ ကြေးမုံ