နေပြည်တော်၊ ဇွန် ၇
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၅ ရက်နှင့် ၆ ရက် တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ ရတနာပုံတံတား ပူးပေါင်း စစ်ဆေးရေးဂိတ်၌ တရားဝင်သယ်ဆောင်ခွင့်အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Grand Royal Whisky (၈၉)ဖာ၊ တရုတ်နိုင်ငံထုတ် အိမ်ရိုက်သံ (၉၉)ဖာနှင့် ကြက်သွန်ဖြူပိဿာ (၁၅၀၀) အပါအဝင် ကုန်ပစ္စည်း (၂၂)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉,၃၄၈,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇွန် ၆ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၂)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာ ထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် Vaccum Flask ရေနွေးဓါတ်ဘူး (၅၉၄၉ ဒသမ ၆) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇,၄၄၇,၅၃၇)ကိုလည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၃)လုံးအတွင်းမှ ပို့ကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါ ရှိလာသည့် ကွမ်းသီးစိတ် ကီလိုဂရမ် (၂၅၅၀၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၆,၃၉၀,၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃,၈၃၇,၅၃၇)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇွန် ၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၂၂၇)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၃,၉၁၄)ကို သစ်တောဥပဒေ အရလည်းကောင်း၊ မင်းလှမြို့နယ်၊ အင်ကြင်းကုန်းအုပ်စု၊ အညာတန်းကြီးကျေးရွာအနီး၌ လိုင်စင်မဲ့ Faw မော်တော်ယာဉ်(၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၈,၈၄၃,၉၁၄)ကို ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် ဇွန် ၆ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေး မြို့နယ်၌ လိုင်စင်မဲ့ Toyota Wish မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀၀၀,၀၀၀)နှင့် ပျဉ်းမနားမြို့နယ်၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၀၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇွန် ၆ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့၊ အတ္ထရံ တံတားမြောက်ဘက်၊ ညောင်ပင်ဆိပ်ရပ်ကွက်၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် အခြားသစ် (၀ ဒသမ ၉၆၇)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၃,၈၈၂)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Mazda Titan မော်တော် ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၅၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ်၈,၆၈၃,၈၈၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇွန် ၅ ရက်နှင့် ၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၄,၇၁၃,၃၃၃) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
(သတင်းစဉ်)