နေပြည်တော် ဇွန် ၈
နေပြည်တော်ကောင်စီ၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ် ဖိုးဇောင်းတောင် တောင်ညိုကြိုးဝိုင်း အကွက်အမှတ် (၆၀) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသိန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်ကို စိုက်ပျိုးပေးသည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တက်ရောက်လာသူများက သတ်မှတ်နေရာအလိုက် မယ်ဇလီ၊ စိန်ပန်း၊ ကုက္ကိုလ်၊ ပိတောက်နှင့် မဟော်ဂနီပင်စသည့် ပျိုးပင်များကို စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့် ရှုအားပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဇေယျာသီရိမြို့နယ် သစ်တပ်ကျေး ရွာအုပ်စု ရှားစေဖိုကျေးရွာ ဘက်စုံသုံးခန်းမ၌ တိုင်းရင်းဆေးပညာဦးစီးဌာန ကွင်းဆင်းဆေးကုသ ရေးအဖွဲ့က ဒေသခံပြည်သူများအား အခမဲ့ ဆေးကုသပေးနေမှုကို ကြည့်ရှုအားပေးပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဆေးကုသမှုခံယူသည့် ဒေသခံပြည်သူများအား တိုင်းရင်းဆေးများ ပေးအပ်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ခုတင် (၅၀) ဆံ့ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ ဆေးသိုလှောင်ခန်းများကို လှည့်လည်ကြည့်ရှုအားပေးပြီး ဆေးကုသမှုခံယူနေသူများကို အဟာရဖြစ် အစားအစာများ ပေးအပ်ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် (၂) ရပ်ကွက်ရှိ မှန်ကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အဆိုပါကျောင်းဝန်းအတွင်းရှိ လောကကြေးမုံ စာကြည့်တိုက်တွင် လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာနေမှုကို ကြည့်ရှုအားပေး၍ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေပဒေသာပင်နှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပုဗ္ဗသီရိမြို့နယ် သပြေတန်းကျေးရွာအုပ်စု နွေနှမ်းစံပြစိုက်ခင်းအနီးရှိ ယာယီရှင်းလင်းဆောင်၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ပန်းတိုင် အထွက်နှုန်းရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေ ပေးဝေနေမှု၊ လယ်ယာသုံး စက်ကိရိယာများအသုံးပြုနေမှုနှင့် ထုတ်လုပ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက တောင်သူများထံ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းမှ မိုးစပါးအတွက် ဓာတ်မြေဩဇာများကို ပေးအပ်ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် သပြေတန်းကျေးရွာအုပ်စု နွေနှမ်းစံပြစိုက်ခင်းတွင် နွေနှမ်းသီးနှံများ၊ ပဲတီစိမ်းနှင့် နေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးသီးနှံအပြည့်အဝ စိုက်ပျိုးနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက မိုးသီးနှံစိုက်ပျိုးရန်လျာထားမှုနှင့် မိုးသီးနှံအပြည့် အဝစိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်ဆွေနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


