နေပြည်တော် ဇွန် ၈
စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပရာ စက်မှုဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အတည်ပြုပြီး စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဗဟိုကော်မတီ၊ ဒေသဆိုင်ရာကော်မတီ၊ စီမံခန့်ခွဲရေးကော်မတီများဖွဲ့စည်းပြီး စက်မှုဇုန်အသစ်များ စနစ်တကျ ထူထောင်သွားရန်၊ တည်ထောင်ပြီး စက်မှုဇုန်များကို အဆင့်မြှင့်တင်ရန်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များတွင် ပြန့်ကျဲတည်ရှိနေသော စက်မှုလုပ်ငန်းများကို စက်မှုဇုန်များတွင် စုပေါင်းလုပ်ကိုင်စေခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများခံစားရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်နှင့် နိုင်ငံ့စီးပွားတိုးတက်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဗဟိုကော်မတီအနေဖြင့် မူဝါဒနှင့် လမ်းညွှန်ချက်များ ချမှတ်ပေးသွားမည်ဖြစ်ပြီး ဒေသဆိုင်ရာ ကော်မတီများသည် အဓိကတာဝန်ယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စီမံခန့်ခွဲရေးကော်မတီများကိုလည်း ယခင်ကထက် ပိုမိုအားကောင်းအောင် ဖွဲ့စည်းပေးရမည်ဖြစ်ကြောင်း၊ အစည်းအဝေးတက်ရောက်လာသူများအနေဖြင့် စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးပေးရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တည်ထောင်ပြီး စက်မှုဇုန်များကို ပြဌာန်းပြီးဖြစ်သည့် ဥပဒေ၊ နည်းဥပဒေများအရ စက်မှုဇုန် အရွယ်အစားများကို သတ်မှတ်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စက်မှုဇုန်များကို စနစ်တကျဖွံ့ဖြိုးတိုးတက်အောင် ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က စက်မှုဇုန်ဥပဒေနှင့် စက်မှုဇုန် နည်းဥပဒေများပြဌာန်းခြင်း၊ စက်မှုဇုန်ဥပဒေ၏ ရည်ရွယ်ချက်၊ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီဖွဲ့စည်းခြင်း၊ စက်မှုဇုန်အသစ်တည်ထောင်ခြင်းနှင့် သတ်မှတ်ကြေညာခြင်း၊ တည်ထောင်ပြီးစက်မှုဇုန်များရှိ စက်မှုလုပ်ငန်းများနှင့် ဆောင်ရွက်ဆဲ စက်မှုဇုန်စီမံကိန်းများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူးက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုလုပ်ငန်းများတည်ထောင်လည်ပတ်နေမှု၊ စက်မှုဇုန်ဥပဒေနှင့်နည်း ဥပဒေပြဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်မည့် အခြေအနေကိုလည်းကောင်း၊ စက်မှုဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့မှု၊ စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌက စက်မှုဇုန်အတွင်း လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ Good Brother Co.,Ltd က တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ပေးချက်အရ ကြိတ်လုံးနှစ်လုံးတပ်ဝါကြိတ်စက်ကို နေရောင်ခြည်စွမ်းအင်ဖြင့် အသုံးပြုနိုင်ရေးအတွက် စမ်းသပ်ထုတ်လုပ်နေမှုကိုလည်းကောင်း၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌများနှင့် တက်ရောက်လာသူများက စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များနှင့် ဆောင်ရွက်သင့်သည့် အချက်များကိုလည်းကောင်း ကြံပြုဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) သို့ ရောက်ရှိရာ စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ သင်တန်းကျောင်းအဆင့်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အထည်အလိပ်သင်တန်းနှင့် ပတ်သက်၍ ကာလတိုသင်တန်းများဖွင့်လှစ်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးတို့က လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် အထည်ချုပ် သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် စက်များတပ်ဆင်ထားရှိမှု၊ သင်တန်းကျောင်း အဆင့်မြှင့်တင်နိုင်ရေးအတွက် စက်ပစ္စည်းများထပ်တိုးတပ်ဆင်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Breaking News


