ကိုငါးကြီး(ငါးလုပ်ငန်းဦးစီးဌာန)

(ယမန်နေ့မှအဆက်)

 

ငပလီကမ်းခြေဒေသမှ ရေထွက်ပစ္စည်းအခြေပြု MSME လုပ်ငန်းများ

ဒေသတွင်း၌ ရေထွက်ပစ္စည်းအခြေပြု အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေး လုပ်ငန်းများအဖြစ် ပုစွန်အချိုခြောက်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ငါးနီတူပြုတ်ခြောက်လုပ်ငန်း၊ ငါးမုန့် (ခေါ်) ပါပရာလုပ်ငန်း၊ ငါးခြောက်လုပ်ငန်း၊ ငါးဆားနယ်လုပ်ငန်း၊ ငါးကျပ်တိုက်လုပ်ငန်း၊ ကင်းမွန်ခြောက်လုပ်ငန်း၊ ကြက်စာလုပ်ငန်းနှင့် မျှင်ငါးပိလုပ်ငန်းတို့ ရှိကြပါသည်။ ဤလုပ်ငန်းများအားလုံးသည် ငါး၊ ပုစွန်များကို ဈေးကွက်ရှိရာသို့ ကုန်ကြမ်းအတိုင်း တင်ပို့ရောင်းချခြင်းမဟုတ်ဘဲ ငါး၊ ပုစွန် ကုန်ကြမ်းများကို တစ်နည်းမဟုတ် တစ်နည်း ပြုပြင်ထုတ်လုပ်၊ ထုပ်ပိုးပြုပြင်ကာ ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းဖြင့် တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ဝင်ငွေပိုမိုရရှိစေနိုင်သော လုပ်ငန်းရပ်များ ဖြစ်သည့်အပြင် ၎င်းလုပ်ငန်း များသည်လည်း MSME လုပ်ငန်းများပင် ဖြစ်ပါသည်။ ၎င်းလုပ်ငန်းစုများသည် ရေထွက်ပစ္စည်းမျိုးစုံ ပေါင်းစုနေသည့် ငပလီမြို့ ဂျိတ္တောရပ်ကွက်တွင် အခြေတည်လျက်ရှိကြပါသည်။

 

ငပလီကမ်းခြေဒေသမှ MSME ငါးနီတူပြုတ်ခြောက်လုပ်ငန်း

ငပလီကမ်းခြေ ဂျိတ္တောဒေသ၌ ၁၉၇၈ ခုနှစ် ခန့်တွင် ကျော့ပိုက် (ဝိုင်းချုပ်) ငါးဖမ်းနည်းကို အသုံးပြုကာ ငါးနီတူငါးကို စတင်ဖမ်းဆီးခဲ့ကြသည်။ ရရှိသောငါးနီတူများကို သမားရိုးကျနည်းလမ်းများဖြင့်သာ အခြောက် လှန်းပြီး ခေါင်းပါကုန်ကြမ်းများအဖြစ် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းနှင့် နောက်ပိုင်း ကာလများတွင် မောင်တောနယ်စပ်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချခြင်းများ ရှိခဲ့သည်။ ခေါင်းမဲ့ ငါးနီတူသန့်များကိုကား ဧည့်သည်များအတွက် ၅၀ ကျပ်သားခန့် အထုပ်ကလေးများဖြင့် ပလတ်စတစ်ပါကင် ထုပ်ပိုးပြီး ဆိုင်တင်ရောင်းချခြင်းများ ရှိခဲ့ကြပါသည်။ သို့ရာတွင် ၂၀၁၆ ခုနှစ် ၌ သမားရိုးကျငါးနီတူကို တန်ဖိုးမြှင့်ထုတ်ကုန် (Value Added)အဖြစ် နည်းပညာတစ်ဆင့်တိုးကာ ငါးနီတူပြုတ်ခြောက်လုပ်ငန်းအဖြစ် စတင်လုပ်ကိုင် လာကြပါသည်။

ငပလီကမ်းခြေ ဂျိတ္တောဒေသအခြေပြု ငါးနီတူ ပြုတ်ခြောက်လုပ်ငန်းတွင် အဓိကမရှိမဖြစ် လိုအပ်သော ပစ္စည်းကိရိယာများမှာ အိုးတစ်လုံးလျှင် ကျပ်သိန်း ၅၀ ခန့်တန်ဖိုးရှိ စတီးဖြင့်ပြုလုပ်ထားသည့် ငါးနီတူပြုတ်အိုး၊ ပြုတ်ပြီးငါးနီတူများကို နေခြောက်လှန်းရန်အတွက် သုံးပေပတ်လည်ရှိ သစ်သားအနားကွပ်ထားကာ အလယ်တွင် ခွင်ကျဉ်းကော်ပိုက်ဖြင့်ပြုလုပ်ထားသည့် တစ်ခုကို ကျပ် ၃၀၀၀ ခန့်တန်ဖိုးရှိ ငါးလှန်းဗန်းများ၊ အခြောက်ခံနေလှန်းပြီး ငါးနီတူပြုတ်ခြောက်များ ခေတ္တသိမ်းဆည်းထားမည့် သိန်း ၁၀၀ ခန့် တန်ဖိုးရှိသော အအေးခန်း (Box) နှင့် ပြုတ်ပြီးငါးနီတူများအား အခြောက်ခံနေလှန်းမည့် သင့်တင့်သော အကျယ် အဝန်းရှိသည့် မြေနေရာ ကိုယ်ပိုင် (သို့) ငှားရမ်း၍ လုပ်ကိုင်ကြရပါမည်။

ငါးနီတူပြုတ်ခြောက် ပြုလုပ်ရန်အတွက် လုပ်ငန်းပိုင်ရှင်များသည် ပထမဆုံး ငါးနီတူကုန်ကြမ်း ရရှိနိုင်ရန်အတွက် အဝယ်တော် ဝန်ထမ်းများကိုခန့်ထားကြရပြီး လုပ်ငန်းအကြီး/အသေးပေါ် မူတည်၍ တစ်ဦး သို့မဟုတ် နှစ်ဦး ခန့်ထားလေ့ရှိကြပါသည်။ အမျိုးသမီးလည်းရှိသလို အမျိုးသားအဝယ်တော်များလည်း ရှိကြပါသည်။ အဝယ်တော်များသည် ရုပ်ဖြောင့်ရန်မလိုဘဲ ငါး၏လတ်ဆတ်မှုနှင့် အရိုး၊ အသားပါဝင်မှု ခွဲခြားတတ်ရန် လိုအပ်ပြီး ငါးဖမ်းလှေများနှင့် သင့်တင့်သောဆက်ဆံရေး ပြေပြစ်ရန်၊ ဝယ်ယူမည့် ငါးကုန်ကြမ်းအပေါ် ဈေးနှုန်း ဆုံးဖြတ်ချက်မှန်ကန်ရန် လိုအပ်ပါသည်။ ငါးအဝယ်တော်များ၏ လစာသည် ငွေကျပ် သုံးသိန်း နှင့် ထမင်းဖိုး ငွေကျပ် ခြောက်သောင်းလည်း ရရှိကြပါသည်။

ငပလီ ဂျိတ္တောကမ်းခြေ၌ နံနက်မိုးလင်းရောင်နီနှင့်အတူ ဝင်ရောက်လာသော ငါးနီတူ - ကျော့ပိုက်များရှိ ဖမ်းမိငါးနီတူများကို ကမ်းခြေသဲသောင်ပြင်၌ ငါးဈေးပွဲတော်ကျင်းပသည့်အလား ဈေးတွင်ရောင်းချရန်၊ ပြုပြင်မွမ်းမံစက်ရုံတွင် အေးခဲပြုပြင်ရန်၊ ဟိုတယ်စားသောက်ဆိုင်များတွင် အသုံးပြုရန်၊ အခြောက်လှန်းရန်နှင့် ငါးနီတူပြုတ်ခြောက်လုပ်ပြီး ရန်ကုန်မှတစ်ဆင့် ပြည်ပတင်ပို့ရန် အစရှိသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် ဝယ်ယူ ကြသူများအနက် ငါးနီတူပြုတ်ခြောက်လုပ်ရန်အတွက် ဝယ်ယူမည့် အဝယ်တော်များသည် လတ်ဆတ်မှုနှင့် အရိုး၊ အသား ပါဝင်မှုအပေါ်မူတည်ပြီး လုပ်ငန်းရှင်ကိုယ်စား ကိုယ်တိုင်ဆုံးဖြတ်ဝယ်ယူခွင့်ရှိကြပါသည်။ အဝယ်တော်က ချီတုံချတုံတွေဝေနေ၍ အချိန်ကြာမြင့်နေပါက ငါးနီတူငါး၏ အရည်အသွေးကျဆင်းသွား နိုင်သောကြောင့် အဝယ်တော်က မြန်မြန်ဆုံးဖြတ်၊ မြန်မြန်ဝယ်ယူပြီး ငါးနီတူပြုတ်ခြောက်လုပ်ငန်းခွင်သို့ သယ်ယူပို့ဆောင်ကြပါသည်။

ကမ်းခြေ၌ ငါးနီတူကုန်ကြမ်းများ ဝယ်ယူရာတွင် ပလတ်စတစ်ခြင်းတစ်ခြင်းလျှင် ပိဿာ ၃၀ ဆံ့သောခြင်းများဖြင့် ဝယ်ယူပြီး ပြုတ်ခြောက်လုပ်ငန်းခွင်သို့ သင့်ရာနည်းဖြင့် ချက်ချင်းသယ်ယူပို့ဆောင်ကာ လုပ်ငန်းခွင်မှ အမျိုးသမီးဝန်ထမ်းများက အုတ်ကန်ငယ်၌ ဆေးကြောသန့်စင်ကြခြင်းဖြင့် ငါးတွင်ပါသော အကြေးခွံနှင့် အဆီများကို ဖယ်ရှားရှင်းလင်းကြပါသည်။ ပိဿာ ၃၀ ပါ ငါးနီတူတစ်ခြင်း၏ လက်ရှိကမ်းခြေ ပေါက်ဈေးမှာ ငွေကျပ် ၃၅၀၀၀-၄၀၀၀၀ ခန့် ဖြစ်ပါသည်။ ငါးဖမ်းစက်လှေပိုင်ရှင်များက အခြောက်လှန်းကာ ဈေးကွက်ရှိရာ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြသည်များရှိသလို ရရှိကုန်ကြမ်း၏ တစ်ဝက်ခန့်ကို ဝယ်/ရောင်း လုပ်ငန်းများသို့ ရောင်းချကြပါသည်။

ကမ်းခြေမှ ရောက်လာသော ကုန်ကြမ်းငါးကို ရေချိုဖြင့် ဆေးကြောသန့်စင်ရပြီး အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ငါးတွင်အဆီနှင့် ဥမပါသေးသဖြင့် အခြောက်လှန်းရာတွင် အဖြူရောင်သန်းပြီး အရောင်လှပါသည်။ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီနှင့် မေလများတွင် အဆီနှင့် ဥ ပါဝင်မှုရှိသောကြောင့် အဝါရောင်သန်းသည့်အတွက် ရောင်းပန်းမလှဖြစ်တတ်ပါသည်။ ဆေးကြောသန့်စင်ပြီး အကြေးခွံမပါသော ငါးများကို သုံးပေပတ်လည်ရှိ ငါးလှန်းဗန်းတွင် စီထည့်ကာ ပြုတ်အိုးတွင်ထည့်ပြုတ်ရန်အတွက် တစ်ခါပြုတ် လျှင် ၁၈ ဗန်းစီ ထပ်ဆင့်ပြီး ထည့်ပြုတ်ရပါသည်။ ငါးပြုတ်ရန်အတွက် ပြုတ်အိုးတွင် ရေကိုထည့်ကာ ဆူပွက်နေစေရပါမည်။ ထင်းနှင့် မီးသွေးကို ယခင်က အသုံးပြုခဲ့ကြသော်လည်း ယခုအချိန်တွင် သစ်တော ပြုန်းတီးမှုကို ကာကွယ်ရန်အတွက်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်အတွက် လည်းကောင်း လျှပ်စစ်မီးအချိန်ပြည့်နီးပါး ရရှိနေသော ငပလီကမ်းခြေဒေသတွင် လျှပ်စစ်ဓာတ်အားဖြင့်သာ ငါးနီတူပြုတ်ခြင်း ဆောင်ရွက်ကြပါသည်။ ငါးနီတူကိုပြုတ်သည်ဟု ဆိုရာတွင်လည်း အမှန်တကယ်တွင် ပြုတ်အိုး၌ အချိန်အကြာကြီး ထည့်ပြုတ်ခြင်းမဟုတ်ဘဲ ရေဆူမှတ်ထိရောက်နေသော အိုးထဲ၌ အရွယ်ကြီး ငါးနီတူဆိုပါက လေးမိနစ်ခန့်နှင့် အရွယ်လတ်နှင့် အရွယ်ငယ်ဆိုပါက (၂ - ၃) မိနစ်ခန့်သာ ထည့်ပြုတ်ရခြင်းဖြစ်ပါသည်။ ၁၈ ဗန်း တစ်ခါထည့်ပြုတ်လျှင် အိမ်သုံးဆား ငါးပိဿာခန့် ထည့်ပေးရပါသည်။

ငါးနီတူပြုတ်ခြောက်လှန်းသည့် သုံးပေပတ်လည် သစ်သားနှင့်ကွပ်ထားပြီး အလယ်တွင် ပိုက်ချည်သားဖြင့် ပြုလုပ်ထားသည့် ငါးနီတူပြုတ်ခြောက်လှန်းသည့် ဗန်းသည် လတစ်လ၏ ငါးဖမ်းရက် (ဒေသအခေါ်-တစ်မှောင်) တွင် ရာသီဥတုကောင်း၍ ၂၅ ရက်ခန့် ငါးလှန်းရပါက ငါးလှန်းဗန်းသည် မပျက်မစီးဘဲ တစ်လခန့်အသုံးပြုနိုင်ပြီး တစ်လတွင် (၁၅-၂၀) ရက်ခန့်သာ ငါးလှန်းရပါက နှစ်လခန့် အသုံးပြုနိုင်ပါသည်။ ငါးနီတူပြုတ်ခြောက် လုပ်ငန်းသည် ရက်တစ်ရက်တွင် နံနက်ပိုင်းမှသည် ညနေပိုင်းအထိ တစ်နေ့တည်းနှင့် အပြီးလုပ်ရသော လုပ်ငန်း ဖြစ်ပါသည်။ နံနက် ၇ နာရီခန့်တွင် ငါးဖမ်းစက်လှေ ဝင်ရောက်ပြီး ကမ်းခြေ၌ ကုန်ကြမ်းဝယ်ယူပြီးပါက လုပ်ငန်းခွင်၌ ဆေးကြောခြင်းပြုလုပ်ရာတွင် အကြေးခွံများပါ တစ်ပါတည်း ချွတ်ပြီးသား ဖြစ်သွား ပါသည်။ ဆေးပြီးအကြေးခွံချွတ်ပြီးသား ငါးနီတူအား (၂-၃)မိနစ်မှသည် အများဆုံး လေးမိနစ်ခန့်ပြုတ်ပြီး ခဏရေစစ်ကာ နေရောင်ခြည်ကောင်းမွန်စွာ ရရှိသည့် ကွင်းပြင်၌ သုံးပေခန့်အမြင့်ရှိသော စင်မြင့်၌ စတင်လှန်းရပါသည်။ ယင်းကဲ့သို့ နေလှန်းရာတွင် နေရောင်ခြည်ပူပြင်းစွာရရှိသည့် နံနက် ၇ နာရီမှ မွန်းလွဲ ၁ နာရီအတွင်းဆိုလျှင် ငါး၏ တစ်ဖက် ခြမ်းကို နှစ်နာရီခန့် ဆက်တိုက်လှန်းပြီး အခြားတစ်ဖက်ခြမ်းကို ပြောင်းပြန်လှန်ကာ နှစ်နာရီခန့် ဆက်တိုက်လှန်းပါက ကောင်းမွန်စွာ ခြောက်သွေ့နိုင်သည်။ နေ့လယ်အချိန်မှ ရောက်ရှိလာသော ငါးနီတူ ကုန်ကြမ်းများကိုမူ မွန်းလွဲ ၁ နာရီကျော်မှ စတင်နေခြောက်လှန်းလျှင် ငါး၏ တစ်ဖက်ခြမ်းစီကို သုံးနာရီခန့်စီ နေခြောက်လှန်းပြီးမှသာ လက်ခံနိုင် သောအဆင့်သို့ ရောက်ရှိနိုင်ပါသည်။

ပြုတ်ပြီးငါးနီတူများကို တစ်နေ့တာ (၄ - ၆) နာရီအတွင်း နေခြောက်လှန်းနိုင်လျှင် လုံလောက်ပြီး ဖြစ်ပါသည်။ ထို့နောက် ငါးနီတူခြောက်များအား အလုပ်ရုံအတွင်း ခေါင်းခြွေစက်ဖြင့် ခေါင်းခြွေကာ ခြွေပြီးသား ငါးနီတူ ခေါင်းများကို ဒေသအတွင်းတွင် တစ်ပိဿာ ကျပ် ၁၂၀၀ အဖြစ် ကြက်စာပြုလုပ်ရန် ရောင်းချရခြင်းမှလည်း လုပ်ငန်းရှင်အတွက် အပိုဝင်ငွေ တစ်ခု ရရှိနိုင်ပါသည်။ ပြုတ်ခြောက်မှရသော ငါးနီတူခေါင်းသည် ပြုတ်သည့်အခါ ဆားထည့်ပြုတ်ရသောကြောင့်  ငန်သည့်အတွက် ဈေးရရှိမှု နည်းပါးသော်လည်း ပြုတ်ခြောက်မဟုတ်သော ငါးနီတူခေါင်းဆိုလျှင် တစ်ပိဿာ ကျပ် ၁၅၀၀ ခန့် ဈေးရရှိပါသည်။

နေခြောက်လှန်း ခေါင်းခြွေပြီးသော ငါးနီတူပြုတ်များကို ဈေးကွက်သို့မတင်ပို့မီ သတ်မှတ်ကုန်ချိန် ပြည့်မီရန် အတွက် လုပ်ငန်းခွင်ရှိအအေးခန်းထဲတွင် ခေတ္တသိမ်းဆည်းထားရပါသည်။ ငါးနီတူကုန်ကြမ်းမှသည် ပြုတ်ခြောက် ခေါင်းခြွေပြီး အအေးခန်းထဲ ခေတ္တသိမ်းဆည်း သိုမှီးသည်အထိ ရာသီဥတုကောင်းမွန်ပါက တစ်နေ့တည်းဖြင့် အပြီးဆောင်ရွက်ကြပါသည်။ ခေါင်းခြွေပြီး ပြုတ်ခြောက်များကို ပလတ်စတစ် အကြည်သားဖြင့် ထည့်ကာ (13 kg) ဝင်ဆံ့သော စက္ကူဘူးထဲတွင် ထည့်၍ အအေးခန်းထဲတွင်ထည့်ပြီး သိမ်းဆည်း ထားပါသည်။ စုဆောင်းထားသော ပြုတ်ခြောက် ကုန်ချိန် ၁၀ တန်ပြည့်မီပါက ဈေးကွက်သို့တင်ပို့ရန် သံတွဲ - ရန်ကုန် မော်တော်ကားလမ်းအတိုင်း ၁၀ တန်ဆံ့ အအေးခန်းကားဖြင့်တင်ပို့ကြပါသည်။

ငါးနီတူပြုတ်ခြောက် ကုန်ချောများကို ရန်ကုန် မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့သည်ဟု လေ့လာသိရှိရပြီး ၎င်းသို့ရောက်ရှိပါက ဆားပြန် ထုတ်ပြီး (မာလာအရသာ၊ ချဉ်စပ်အရသာ၊ အကင်အရသာ) စသည်ဖြင့် ခွဲခြားပြုပြင်စီမံကာ အမှတ်တံဆိပ်များဖြင့် Packing ထုပ်ပိုးပြီး ဈေးကွက်များ သို့ ပြန်လည်ဖြန့်ချိကြပါသည်။ ဈေးကွက်တွင် တွေ့ရသော အထုပ်ကလေးတစ်ထုပ်တွင် ပြုပြင်စီမံပြီး စားသုံးရန်အသင့်ပါ ငါးနီတူ (၄ - ၈) ကောင်ခန့် ပါဝင်သည်ကို တွေ့ရှိရပါသည်။ တစ်ထုပ်လျှင် ငွေကျပ် ၈၀၀ ခန့် ကျသင့်သည့်အတွက် ပြုပြင်စီမံပြီး ငါးနီတူတစ်ကောင်လျှင် ငွေကျပ် ၁၅၀-၂၀၀ ခန့် ကျသင့်ကြောင်း သိရှိရပါသည်။ ထို့အပြင် အခြား နည်းလမ်းများဖြင့်လည်း ပြုပြင်စီမံကာ စားသုံးကြသည်များလည်း ရှိနိုင်ပါသည်။

ဤကဲ့သို့ ရာသီချိန်တွင် ပေါများစွာ ဖမ်းဆီးရမိ သော ငါးနီတူကို သမားရိုးကျအခြောက်လှန်းကာ ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းများသည် ရှေးယခင်ကပင် ရှိနှင့်ပြီးဖြစ်ကာ ဒေသခံများအတွက် အကျိုးတစ်စုံတစ်ရာ ရှိသည် ဆိုသော်လည်း ယခုအချိန်တွင် တစ်ဆင့်မြှင့်ကာ ပြုတ်ခြောက်ပြုလုပ်ပြီး တန်ဖိုးမြှင့်ထုတ်ကုန်သို့ တက်လှမ်း လာပြီဖြစ်ပါသည်။ သို့ရာတွင် ၎င်းပြုတ်ခြောက်ကို စားသုံးသူလက်ထဲ အသင့်စားသုံးနိုင်သည်အထိ ဆက်လက် ပြုပြင် စီမံထုပ်ပိုးဆောင်ရွက်သွားမည်ဆိုပါက ဖမ်းဆီးခြင်းမှသည် စားသုံးသူလက်ထဲ ရောက်သည်အထိ (Farm to Table) အဆင့်တိုင်းတွင် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာကာ ဝင်ငွေများတိုးမြှင့် ရရှိခြင်းနှင့်အတူ ဒေသ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး (Socio-economic) အတွက်အရေးပါ အရာရောက် သည့် အခန်းကဏ္ဍမှ ပါဝင်လာနိုင်ပါသည်။ နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက်နေသော One Region, One Product “ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု”အဖြစ် ရပ်တည်နိုင်ရန် ရေထွက်ပစ္စည်းအခြေပြု MSME လုပ်ငန်းအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ထုတ်လုပ်တင်ပို့ နိုင်မည်ဖြစ်သည့်အတွက် ဒေသ၏ထုတ်ကုန်၊ ပို့ကုန် လုပ်ငန်းများ အစဉ်ဖွံ့ဖြိုးတိုးတက်လာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

ဆိုရပါလျှင် MSME လုပ်ငန်းများသည် နိုင်ငံတော်၏ စီးပွားရေးမောင်းနှင်အားပင် ဖြစ်ပါသည်။ ၎င်းလုပ်ငန်းများ ပိုမိုကြီးထွားရှင်သန်လာစေရေးအတွက် အဆင်ပြေ၍ လုပ်သာကိုင်သာရှိသော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာစေရန် လိုင်စင်မှတ်ပုံတင်ခြင်းနှင့် လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းသတ်မှတ်ချက်ဆိုင်ရာများကို ဖြေလျှော့၍ ရနိုင်သလောက်ဖြေလျှော့ပေးပြီး လုပ်ငန်းပိုမို ကြီးထွားလာစေရန် လိုက်လျောညီထွေစွာ ဆွဲဆောင် ခေါ်တင်သွားရလိမ့်မည်ဖြစ်ပါသည်။ တိမ်မြုပ်နေ သည့် MSME လုပ်ငန်းများကို ရှာဖွေဖော်ထုတ် မှတ်ပုံတင်ပြီး လျှပ်စစ်ဓာတ်အားကဲ့သို့သော ဝန်ဆောင်မှုလုပ်ငန်းများကို ဆက်သွယ်ဆောင်ရွက်ပေးကာ နိုင်ငံတော်က အတိုးနှုန်းနည်းပါးစွာနှင့် ထိုက်သင့်သော ချေးငွေရရှိရေးအတွက် နေရာဒေသမရွေး ကူညီဆောင်ရွက် ပေးသင့်ပါသည်။

MSME ဆိုင်ရာ လုပ်ငန်းရှင်နှင့် ဝန်ထမ်းများအား အခါအားလျော်စွာ နည်းပညာသင်တန်းများ၊ (Value Added) တန်ဖိုးမြှင့်ထုတ်ကုန်ဆိုင်ရာ သင်တန်းများ၊ စွန့်ဦးတီထွင်မှုဆိုင်ရာ သင်တန်းများ၊ ဈေးကွက်ထိုးဖောက်၊ ဈေးကွက်ရှာဖွေမှုဆိုင်ရာ သင်တန်းများကို ပြည်တွင်းတွင်လည်းကောင်း၊ အခါအခွင့်သင့်က ပြည်ပသို့ လည်းကောင်းစေလွှတ်၍ လေ့လာသင်ကြားပေးသင့်ပြီး MSME ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်အပြင် ပြည်ပသို့ ထိုးဖောက်နိုင်သည်အထိ နိုင်ငံတော်ကအတိုင်းအတာတစ်ခုအထိ ပံ့ပိုးကူညီဆောင်ရွက်ပေးသင့် ပါသည်။ MSME ကဲ့သို့ တက်သစ်စလုပ်ငန်းရှင်များနှင့် အောင်မြင်ပြီးသားစီးပွားရေး လုပ်ငန်းရှင်ကြီးများအား အခါအားလျော်စွာ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲများ လည်း ကျင်းပပေးသင့်ပါသည်။

သံတွဲမြို့နယ် ငပလီဒေသအခြေပြု ရေထွက်ပစ္စည်းဆိုင်ရာ MSME လုပ်ငန်းများကို ရှာဖွေ ဖော်ထုတ် မှတ်ပုံတင်ကာ ပံ့ပိုးကူညီနိုင်သည်များကို လက်တွေ့ကျကျ ပံ့ပိုးကူညီပေးနိုင်မည်ဆိုပါက ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာကာ ထုတ်ကုန်များမြှင့်တင်ထုတ်လုပ် တင်ပို့ခြင်းဖြင့် ဒေသတွင်းနေ ပြည်သူလူထု အတွက် လူမှုစီးပွားဘဝ (Socio-economic) များ မြင့်မားလာပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခြင်းဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးကိုပါ တစ်စုံတစ်ရာ အထောက်အကူ ပြုလာနိုင်မည်သာ ဖြစ်ပါကြောင်း ရေးသားပြုစုတင်ပြအပ်ပါသည်။ ။

ကိုးကား-

မြန်မာ-ဒိန်းမတ် Sustainable Coastal Fisheries, SCF project ရေရှည်တည်တံ့သော ကမ်းရိုးတန်း

ငါးလုပ်ငန်းစီမံကိန်း(၂၀၂၀)