ဂျေရုဆလင်၊ ဇွန်  

 

ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးနှင့်ဟားမတ်စ်အဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်၌ ထောင်နှင့်ချီသော ပြည်သူများက ဇွန် ၈ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပမှုများ ရပ်တန့်လျက်ရှိနေသည့်အတွက် အမေရိကန်တစ်ဝန်းရှိ ပြည်သူများက မြို့တော်ဝါရှင်တန်သို့ လာရောက်ကာ ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။

ပြည်သူများသည် “လူမျိုးတုံးသတ်ဖြတ်မှုရပ်ရန်” သို့မဟုတ် “အစ္စရေးနိုင်ငံအား စစ်ရေးအကူအညီပေးမှုကို ရပ်တန့်ရန်” ဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ အိမ်ဖြူတော်ရှေ့ရှိ ရင်ပြင်၌ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

အပစ်အခတ်ရပ်စဲရေးအတွက် သမ္မတ ဂျိုးဘိုင်ဒင်အား ဦးဆောင်စေလိုပြီး အမေရိကန်သည် အစ္စရေးကို မထောက်ခံသင့်ကြောင်း ဆန္ဒထုတ်ဖော်သူ တစ်ဦးကပြောကြားသည်။ ဂါဇာကမ်းမြောင်တွင် နေ့စဉ် အသက်ပေါင်းများစွာ ဆုံးရှုံးနေရကြောင်း အခြားဆန္ဒထုတ်ဖော်သူ တစ်ဦးကဆိုသည်။

အမေရိကန်ပြည်ထောင်စု၌ အစ္စရေးအားထောက်ခံမှုသည် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီဖြစ်သော်လည်း  ဂါဇာ၌ အရပ်သားသေဆုံးမှုများ တစ်နေ့တခြားပိုမိုများပြားလာခြင်းကြောင့် အစ္စရေးကို စစ်ရေးအရ ပံ့ပိုးပေးသည့် သမ္မတဂျိုးဘိုင်ဒင် နှင့် ၎င်းဦးဆောင်သည့်အစိုးရအဖွဲ့အား ဝေဖန်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

ဂါဇာကမ်းမြောင်စစ်ပွဲသည် နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲအပေါ် အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက သုံးသပ်ပြောကြားသည်။ 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်