ကုလသမဂ္ဂ၊ ဇွန် ၉

ဂါဇာကမ်းမြောင်ဒေသ၌ ကလေးသူငယ်များသေဆုံးမှု ဆက်လက်မြင့်တက်လျက်ရှိသည့်အတွက် အစ္စရေး နိုင်ငံကို ကလေးသူငယ်အခွင့်အရေးများ ပြင်းထန်စွာချိုးဖောက်သည့် နိုင်ငံများစာရင်းတွင် ထည့်သွင်းလိုက်ကြောင်း ကုလသမဂ္ဂက  ဇွန် ၈ ရက်တွင် ပြောကြားသည်။

အစ္စရေးနိုင်ငံကို ကလေးသူငယ်အခွင့်အရေးများ ပြင်းထန်စွာချိုးဖောက်သည့် နိုင်ငံများစာရင်းတွင် ထည့်သွင်းလိုက်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖိန်ဒူဂျာရစ်က ကုလသမဂ္ဂဆိုင်ရာ အစ္စရေး အထူးသံတမန်အား ပြောကြားသည်။

ကမ္ဘာတစ်ဝန်းရှိ ကလေးငယ်များအပေါ် လက်နက်ကိုင်ပဋိပက္ခများ၏ အကျိုးသက်ရောက်မှုကို ကုလသမဂ္ဂက စုံစမ်းဖော်ထုတ်ပြီး နှစ်စဉ်အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်လျက်ရှိသည်။ ကုလသမဂ္ဂ၏ နောက်ဆုံးအစီ ရင်ခံစာကို ယခုလနှောင်းပိုင်းတွင် တရားဝင်ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

အရှေ့အလယ်ပိုင်းဒေသရှိ ဆီးရီးယားနှင့် ယီမင်ပြည်တွင်းစစ်များကြောင့် ကလေးငယ်များ ထိခိုကသေဆုံးသည့် အခြေအနေများလည်း ပါဝင်သည်။ အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုက ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြောင်း သိရသည်။

အစ္စရေး-ဟားမတ်စ် စစ်ပွဲ စတင်သည့်အချိန်မှစပြီး ဇွန် ၅ ရက်အထိ ဂါဇာကမ်းမြောင်ဒေသ၌ ကလေးငယ် ၇၇၉၇ ဦး သေဆုံးခဲ့ ကြောင်း ကုလသမဂ္ဂက ပြောကြားသည်။ အဆိုပါကိန်းဂဏန်းသည် သေဆုံးသူအားလုံး၏ ၃၀ ရာခိုင်နှုန်းကျော်ရှိသည်။

ဂါဇာကမ်းမြောင် အလယ်ပိုင်းရှိ ကုလသမဂ္ဂ အေဂျင်စီတစ်ခုက ထောက်ပံ့ပေးလျက်ရှိသည့် စာသင်ကျောင်း တစ်ကျောင်းကို အစ္စရေးတပ်ဖွဲ့ဝင်များက မကြာသေးမီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ဟားမတ်စ် တိုက်ခိုက်ရေးသမားများ သေဆုံးခဲ့ကြောင်း အစ္စရေး တပ်မတော်က ဇွန် ၇ ရက်တွင် ကြေညာခဲ့သည်။ သို့သော် ယင်း တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၄ ဦးအပါအဝင် အရပ်သား ၄၀ သေဆုံးခဲ့ကြောင်း အနီးပတ်ဝန်းကျင်ရှိ ကျန်းမာရေးအာဏာပိုင်များက ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်