နေသူရဇော်

 

မြန်မာနိုင်ငံ၌  စပါးအပါအဝင် ဆီထွက်သီးနှံများ၊ ပဲအမျိုးမျိုးနှင့် အခြားသီးနှံပေါင်းများစွာကို နိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး နိုင်ငံအတွင်းထုတ်လုပ်မှုမှ ဆန်နှင့်ပဲကို ပြည်တွင်းစားသုံးမှုအတွက် လုံလောက်ရုံ သာမက ပိုလျှံသောထုတ်ကုန်များကို ပြည်ပသို့ပါတင်ပို့ရောင်းချနိုင်သည်ကို တွေ့ရှိရပါသည်။ သို့သော် စားသုံးဆီကို လုံလောက်အောင်ထုတ်လုပ်နိုင်ခြင်းမရှိသေးဘဲ ပြည်ပမှတင်သွင်းနေရသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ဒေသတွင်းစားသုံးဆီဖူလုံရေးကို အလေးထား၍ဆောင်ရွက်ရန်လိုအပ်ပြီး ယခုအခါနိုင်ငံတော် အစိုးရ က စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် အလေးအနက်ထားဆောင်ရွက်နေသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။

မြန်မာနိုင်ငံ၏ စားသုံးဆီကို မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်းနှင့် ဆီမုန်ညင်းတို့မှ အဓိကစိုက်ပျိုး ထုတ်လုပ် နေကြသည်။ စုစုပေါင်းစိုက်ဧက၏ ၁၆ ရာခိုင်နှုန်း (၈သန်း) ကျော်ကို ဆီထွက်သီးနှံများ နှစ်စဉ်စိုက်ပျိုး ထုတ်လုပ် သဖြင့် နိုင်ငံတွင်းစားသုံးမှုအရ ယေဘုယျအားဖြင့် ဆီဖူလုံမှုရှိသည်ဟု ဆိုနိုင်သော်လည်း ဆီထွက်သီးနှံ လုံးဆန်များအတိုင်း ပြည်ပသို့တင်ပို့ခြင်း၊ အခြားတန်ဖိုးမြှင့်ထုတ်ကုန်များ ပြုလုပ်ရောင်းချခြင်းတို့ကြောင့် လုံလောက်မှု မရှိတော့ဘဲ စားသုံးဆီကို နိုင်ငံခြားတိုင်းပြည်များမှ နှစ်စဉ်တင်သွင်းနေရခြင်းဖြစ်ပါသည်။

ဒေသတွင်း ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးရေးနှင့် စိုက်ပျိုးသော သီးနှံများ၏ အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်ရေးသည် အလွန်အရေးကြီးလှပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း မြေပဲဧက ၃ ဒသမ ၁၆၄ သန်း၊ နှမ်းဧက ၃ ဒသမ ၇၅၆ သန်း၊ နေကြာဧက ၁ ဒသမ ၀၇၂သန်း၊ ပန်းနှမ်း ၂၉၈၈၃၉ ဧက၊ ဆီမုန်ညင်း ၉၂၇၄၇ဧက ဖြင့် စုစုပေါင်း ဆီထွက်သီးနှံဧက ၈ ဒသမ ၃၈၆ စိုက်ပျိုးနိုင်ခဲ့ပြီး ၈ ဒသမ ၂၈၄ ဧက ရိတ်သိမ်းနိုင်ခဲ့ ပါသည်။ စိုက်ပျိုးထုတ်လုပ်လျက်ရှိသော ဆီထွက်သီးနှံများထဲမှ သမပိုင်းဒေသများတွင်သာမက အပူပိုင်းနှင့် အအေးပိုင်းဒေသများတွင်ပါ စိုက်ပျိုးနိုင်ပြီး ဆီထွက်နှုန်းကောင်းသည့် ပန်းနှမ်းသီးနှံသည် စိုက်ပျိုးထုတ်လုပ်ရန် သင့်လျော်သော ရွေးချယ်စရာတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံတွငပန်းနှမ်းကို ရှမ်းပြည်နယ်တွင် နှစ်စဉ် ဧကနှစ်သိန်းနီးပါးဖြင့် အများဆုံးစိုက်ပျိုးပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် ဧက ခုနစ်သောင်းကျော်အပြင် မန္တလေးတိုင်းဒေသ ကြီးအပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း စိုက်ပျိုးကြပါသည်။

 

ပန်းနှမ်းပင်၏ သဘောသဘာဝ

ပန်းနှမ်းပင် (သိပ္ပံနာမည် Guizotia abyssinica) သည် ဆီထွက်သီးနှံတစ်မျိုးဖြစ်ပြီး အိန္ဒိယ၊ အီသီ ယိုးပီးယားနှင့် အရှေ့တောင်အာရှ၏ အချို့ဒေသများတွင် အဓိကစိုက်ပျိုး ထုတ်လုပ်လျက်ရှိပါသည်။ တစ်ရာသီပင် အမျိုးအစားဖြစ်ပြီး မျိုးကွဲအလိုက်သက်တမ်း ၉၀ - ၁၅၀ ရက်အထိ ရှိပါသည်။ ရေသောက်မြစ်ပါရှိ၍ ရေငတ်ဒဏ် ခံနိုင်ကာ အပင်အမြင့် သုံးပေခန့်အထိ ကြီးထွားနိုင်ပြီး တစ်ပင်တွင် ပန်းပွင့် ၃၀-၄၀ အထိ ပွင့်တတ်ပါသည်။

ပန်းနှမ်းပင်သည် မြေချဉ်ငန်ဓာတ်pH (၅.၅ - ၆.၅) အတွင်းရှိ မြေအမျိုးအစားမရွေး ကောင်းမွန်စွာပေါက်ရောက် ဖြစ်ထွန်းနိုင်ပြီး မြေစေးပါသောနုန်းမြေနှင့် သဲရောမြေစေးများကို ပို၍နှစ်သက်သော သီးနှံပင်ဖြစ်ပါသည်။ သီးနှံပင်၏ သဘာဝအရ ရေကြမ်း၊ မြေကြမ်းကိုခံနိုင်ရည်ရှိသဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးနိုင်သော သီးနှံဖြစ်ပါသည်။

ပန်းနှမ်းကို သီးသန့်စိုက်ခင်းဖြင့် စိုက်ပျိုးနိုင်သကဲ့သို့ မိုးသီးနှံများ ရိတ်သိမ်းပြီးချိန်တွင် သီးထပ်အနေဖြင့်လည်း စိုက်ပျိုးနိုင်ပါသည်။ နေ့တာတို (အလင်းရောင်များစွာမလိုသော) သီးနှံဖြစ်သည့်အတွက် ဥယျာဉ်ခြံများ၊ ရော်ဘာ ကဲ့သို့ နှစ်ရှည်ပင်များအကြားတွင် ကြားသီးနှံ (သီးညှပ်) အဖြစ်လည်း စိုက်ပျိုးနိုင်ပါသည်။ ထိုသို့စိုက်ခြင်းဖြင့် အဆိုပါနှစ်ရှည်စိုက်ခင်းများတွင် ပေါင်းမြက်ပြဿနာကို ဖြေရှင်းပြီးဖြစ်သကဲ့သို့ အပိုဝင်ငွေရရှိနိုင်ကာ ဆီဖူလုံမှုကို အထောက်အကူပြုနိုင်ပါသည်။

 

mdn

 

စိုက်ပျိုးနည်းစနစ်များ

၁။ မျိုးစေ့သေးငယ်သဖြင့် ထယ်ရေး/ထွန်ရေး ညက်ညက်ရအောင်ဆောင်ရွက်၍ စိုက်ခင်း မြေမျက်နှာပြင် ညီညာအောင် ညှိပေးပါ။

၂။ စိုက်ပျိုးချိန်မှာ တောင်တန်းဒေသများတွင် သြဂုတ်လလယ်မှ စက်တင်ဘာလကုန်အထိ၊ အထက်မြန်မာပြည် အပူပိုင်းဒေသတွင် စက်တင်ဘာလလယ်မှ အောက်တိုဘာလလယ်အထိ၊ အောက်မြန်မာပြည်တွင် နိုဝင်ဘာလနှင့် အစိုဓာတ်ရှိပါက ဒီဇင်ဘာလ ဒုတိယပတ်အထိ စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးချိန်တွင် အစိုဓာတ် အပြည့်အဝရှိမှသာ အပင်ပေါကကောင်းပါသည်။

၃။ စိုက်ခင်းမြေ တစ်ဧကလျှင် နွားချေး သို့မဟုတ် သဘာဝမြေဆွေးကို လှည်း (၄-၆) စီးခန့်၊ ယူရီးယား ၅၆ ပေါင်၊ တီစူပါ ၅၆ ပေါင်နှုန်း ထည့်ပေးပါ။

၄။ တစ်ဧကလျှင် မျိုးစေ့နှုန်း နှစ်ပြည်ခန့်အသုံးပြုပါ။ သီးညှပ်စိုက်ပျိုးမည်ဆိုပါက တစ်ဧကလျှင် မျိုးစေ့ တစ်ပြည်နှုန်းနှင့် အပင်ပေါက်ရာခိုင် နှုန်း ၈၀ အထက်ရှိသော မျိုးစေ့များကို အသုံးပြုပါ။

၅။ ကြဲပက်စိုက်ပျိုးခြင်းအစား အတန်းစိုက်စိုက်ပျိုးသင့်ပါသည်။ တန်းကြား (၁၄-၁၈) လက်မ နှင့် ပင်ကြား (၄-၆) လက်မ စိုက်ပျိုးပါ။ မျိုးစေ့များ မြေလွှာတွင်း တစ်လက်မထက် ပို၍နက်မည်ဆိုပါက အပင်ပေါက်နှုန်း ကျဆင်းနိုင်ပါသည်။

၆။ မျိုးစေ့သေးငယ်သဖြင့် မျိုးစေ့ကျမှု ညီညာစေရန် သဲ(သို့)ပြာနှင့် ရောနှော၍ အစေ့ချပါ။ မျိုးစေ့နှင့် ဓာတ်မြေသြဇာများကို ရောနှော၍ ကြဲပက်ခြင်း မပြုရပါ။

၇။ စိုက်ခင်းမြေ၏ အစိုဓာတ်နှင့် အပူချိန်အပေါ် မူတည်၍ မျိုးစေ့ချပြီး(၂-၃)ရက်အကြာ၌ အပင်ငယ်များ ပေါက်လာပြီး ရက် ၂၀ သားအတွင်း တစ်ပင်နှင့်တစ်ပင် အကွာအဝေး (၄-၆) လက်မထား၍ သားခွဲခြင်း၊ အပင်မှုန်းခြင်းများ ဆောင်ရွက်ပါ။

၈။ အပင်ပေါက် ကောင်းမွန်ပြည့်စုံပါက စိုက်ခင်းအတွင်း ပေါင်းမြက်များ ပေါက်ရောက်နိုင်မှုနည်းသဖြင့် အပင်သက်တမ်းတစ်လျှောက် နှစ်ကြိမ်ခန့်ပေါင်းရှင်းပေးလျှင် လုံလောက်ပါသည်။ ပေါင်းမြက်ရှင်းလင်းခြင်းကို အပင်အမြင့် လေးလက်မခန့်ရှိချိန်တွင် တစ်ကြိမ်နှင့် အရွက်များ၊ အကိုင်းများ တစ်ပင်နှင့်တစ်ပင် ယှက်နွှယ် ထိစပ်ခြင်းမပြုမီ (အဖူး မထွက်မီ) တစ်ကြိမ် ပြုလုပ်ပါ။

၉။  ပန်းနှမ်းတွင် ပိုးမွှားရောဂါများ ကျရောက်ဖျက်စီးမှု နည်းပါးပါသည်။

၁၀။ ပန်းနှမ်းပင်၏ အရွက်များဝါ၍ ခြောက်သွေ့ပြီး အစေ့များ ရင့်မှည့်လာချိန်တွင် ရိတ်သိမ်းပါ။ ပန်းနှမ်း ပင်များအား တံစဉ်ဖြင့် ရိတ်သိမ်းပြီး စိုက်ခင်းထဲ တွင် (၂-၃ )ရက်ကြာ နေလှန်းပြီး တလင်းသို့ သယ်ယူနင်းနယ် ခြွေလှေ့ကာ ပန်းနှမ်းစေ့များကို ခြောက်သွေ့အောင် နေလှန်း၍ အိတ်ဖြင့် စနစ်တကျ သိလှောင်ပါ။

ပန်းနှမ်းသီးနှံသည် အပူဒဏ်ကို ခံနိုင်ရည်ရှိ သကဲ့သို့ အစိုဓာတ်များလွန်းသည့် အခြေအနေတွင်လည်း အခြားဆီထွက်သီးနှံများထက် ပိုမိုခံနိုင်ရည်ရှိသဖြင့် ရာသီဥတုကြောင့် အထွက်နှုန်းကို များစွာထိခိုက်ခြင်း မရှိသည့် သီးနှံဟု ဆိုနိုင်ပါသည်။ တစ် ဧကလျှင် (၈-၁၀) တင်းခန့် ထွက်ရှိနိုင်ပါသည်။ အစေ့တစ်တင်းမှ ဆီ ၅ ဒသမ ၅ ပိဿာ (အစေ့ အလေးချိန်၏ ၃၇-၄၃ ရာခိုင်နှုန်းအထိ) ရရှိနိုင်ပြီး တစ်ဧကလျှင် ဆီ (၄၄-၅၅) ပိဿာအထိ ထွက်ရှိ နိုင်ပါသည်။ ပန်းနှမ်းဆီကြိတ်ဖတ်များကိုလည်း တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်ပါသည်။

ပြောင်းလဲလာသော ရာသီဥတုအခြေအနေအရ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး မြေအမျိုးအစားမရွေး သီးသန့်၊ သီးထပ်၊ သီးညှပ်အဖြစ် စိုက်ပျိုးနိုင်သည့် ပန်းနှမ်း သီးနှံသည် ဒေသတွင်း စားသုံးဆီဖူလုံရေးကို အထောက်အကူ ပြုနိုင်သည်သာမက ကုန်ကျစရိတ်သက်သာပြီး ဝင်ငွေရလွယ်သော သီးနှံတစ်ခုဖြစ်သည့်အတွက် ပိုမိုစိုက်ပျိုးထုတ်လုပ်သင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။