နေပြည်တော် ဇွန် ၁၀

 

တိုက်ရိုက်မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စပါးစိုက်ပျိုးနည်း ကွင်းသရုပ်ပြပွဲနှင့် မြိတ်မြို့နယ်၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ အကျိုးဆောင်တောင်သူများအတွက် မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန် ၈ ရက်က တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့နယ်၊ ကျွဲကူးရွာ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တက်ရောက်အားပေးခဲ့သည်။

 

ခမ်းအနားတွင် ဒုတိယဝန်ကြီးက “တနင်္သာရီတိုင်းဒေသကြီးအတွင်း စပါးအထွက်နှုန်း တိုးတက်ရေးနှင့် ဒေသဝမ်းစာ ဖူလုံမှုရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ဧက အထွက်နှုန်း တိုးတက်ရေးအတွက် ရေမြေဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့် မျိုးစေ့များနှင့် အရည်အသွေးပြည့်မီသော စိုက်ပျိုးရေး သွင်းအားစုများ အသုံးပြုပြီး စိုက်ပျိုးနည်းစနစ် မှန်ကန်စွာ ဆောင်ရွက်ရန် တောင်သူများနှင့် သက်ဆိုင်ရာ ဌာနများ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း” ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးက တနင်္သာရီတိုင်းဒေသကြီး၏ နှစ်စဉ် စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ ဒေသဝမ်းစာ ဖူလုံရေးအတွက် ဘဏ္ဍာနှစ်အလိုက် စီမံဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အကျိုးဆောင် တောင်သူများအား မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများကို ထောက်ပံ့ပေးအပ်ကာ ဘဲနှင့်ငါး တွဲဖက်မွေးမြူထားရှိမှု၊ တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စပါးစိုက်ပျိုးနည်း ကွင်းသရုပ်ပြမှုများကို ကြည့်ရှုသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝ နည်းပညာဌာန ရွှေဒူးဥယျာဉ်ခြံတွင် ကော်ဖီနှင့် ကိုကိုးစိုက် တောင်သူများအားတွေ့ဆုံ၍ ဒေသရေမြေနှင့် ကိုက်ညီပြီး အလားအလာကောင်းသည့် ကော်ဖီ၊ ကိုကိုးနှင့် ဟင်းခတ် အမွှေးအကြိုင်ပင်များ တိုးချဲ့စိုက်ပျိုးလုပ်ကိုင်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ကော်ဖီ ပျိုးပင်နှင့် ကိုကိုးပျိုးပင်များကို ပေးအပ်ရာ တောင်သူ ကိုယ်စားလှယ်များက လက်ခံရယူကြသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် မွေးမြူရေးသုတေသနစခန်း(ကျွန်းစု)၌ ရေနေသတ္တဝါဆိုင်ရာ မျိုးရိုးဗီဇနှင့် သဘာဝအရင်းအမြစ်များ ထိန်းသိမ်းခြင်း သုတေသနလုပ်ငန်းများ၊ မျိုးမွေးမြူထိန်းသိမ်းခြင်း၊ မျိုးကောင်း မျိုးသန့်ပွားများ ထုတ်လုပ်ခြင်းဆိုင်ရာ သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်ပြီးစီးမှု၊ ဓာန်ခွဲခန်း တည်ဆောက်မည့် မြေနေရာ၊ ဥဖောက် ကန်နှင့် သက်ရှိအစာမွေးခန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။

 

သတင်းစဉ်