နေပြည်တော်၊ ဇွန် ၁၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သီရိရတနာ မူလတန်းကြိုကျောင်းသို့ သွားရောက်၍ ရင်သွေးငယ်လေးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်ကြားလေ့ကျင့်ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နည်းလမ်းများကို ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ရန်၊ နှစ်အလိုက် ကျောင်းတွင်းလှုပ်ရှားမှု ဆောင်ရွက်ချက်များ ဖြစ်ကြသည့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ၊ လေ့လာရေးအစီအစဉ်များနှင့် မိဘအသိပညာပေး အစီအစဉ်များကို ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိက မူလတန်းကြို ကျောင်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားပြီး မူကြိုတက် ရောက်လျက်ရှိသော ရင်သွေးငယ်များအတွက် အာဟာရမုန့်များနှင့် ပဲနို့အာဟာရများပေးဝေသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လူမှုဝန်ထမ်းရုံးသို့ သွားရောက်၍ နေပြည်တော်ကောင်စီနယ်မြေ အတွင်းတွင် လူမှုဝန်ထမ်း လုပ်ငန်းပိုင်းဆိုင်ရာများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန နေပြည်တော် ကောင်စီဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံသို့ရောက်ရှိပြီး ပစ္စည်းများသိုလှောင် ထားရှိမှု၊ ထောက်ပံ့ရေးလုပ်ငန်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်သိရှိသတိပြုကာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Breaking News


