နေပြည်တော် ဇွန် ၁၀
၂ဝ၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် ဖူဆယ် (အမျိုးသား) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပရာ နေပြည်တော်အားကစားနှင့် ကာယပညာကော်မတီနာယက နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ ဒိုင်အဖွဲ့များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများ၊ အားကစားဝါသနာရှင်များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ယနေ့ကျင်းပသည့် မြို့နယ်ပေါင်းစုံ ဖူဆယ်ပြိုင်ပွဲသည် ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် အခြေခံပြိုင်ပွဲကောင်း တစ်ခုဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြပြီး မိမိတို့အသင်းအနိုင်ရရှိရေး စွမ်းစွမ်းတမံကြိုးစား ယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားပြီး ၂၀၂၄ ခုနှစ်၊ နေပြည်တော် ကောင်စီဥက္ကဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် ဖူဆယ် (အမျိုးသား) ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် (၄) ချက်ကို ရွတ်ဆိုကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများနှင့် ဒိုင်အဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အသက် (၂၅) နှစ်အောက် ဖူဆယ်ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ပျဉ်းမနားမြို့နယ် အသင်းနှင့် လယ်ဝေးမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။
၂ဝ၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် ဖူဆယ် (အမျိုးသား) ပြိုင်ပွဲကို ဇွန် ၁၀ ရက်မှ ၁၄ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်ရှစ်မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း စုစုပေါင်း ရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက်ရှိ (၅၃၅) ရေပေးရေး စက်ရုံသို့သွားရောက်၍ သောက်သုံးရေ ဖြန့်ဖြူးပေးဝေနေမှုကို ကြည့်ရှုစစ်ဆေးပြီး တိုးချဲ့ရေပေးရေး ဆောင်ရွက်မည့် လုပ်ငန်းများကို ကုန်ကျစရိတ် သက်သာစွာဖြင့် အပြည့်အဝ ဖြန့်ဖြူးပေးဝေနိုင်ရေး စနစ်တကျ တွက်ချက်ဆောင်ရွက်ရန်၊ သောက်သုံးရေ ဖြန့်ဖြူးပေးဝေရာတွင် လေလွင့်မှုမရှိရေး အထူးဂရုပြု ဆောင်ရွက်ရန်၊ မြို့ပြနေပြည်သူများ သောက်သုံးရေ အပြည့်အဝ ရရှိစေရေးအတွက် ရေတွန်းစက်များ၏ ကြံ့ခိုင်မှုကို အမြဲစစ်ဆေး ဆောင်ရွက်ကြရန်တို့ကို မှာကြား၍ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်


