နေပြည်တော်၊ ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကုန်းမြင့်သာရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရသည့် အစောပိုင်း ကာလများ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆူပူဆန္ဒပြုမှုများဖြစ်ပေါ်ခဲ့ပြီး ထိုမှတဆင့် လက်နက်ကိုင် အကြမ်းဖက် ဖျက်ဆီးမှုများအထိဖြစ်ပေါ်လာခဲ့သဖြင့် အချို့သောမြို့နယ်များကို စစ်အုပ်ချုပ်ရေးကြေညာ၍ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်ခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့သောဒေသများ၌ အကြမ်းဖက်မှုများ ဖြစ်ပေါ်နေဆဲဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မည်သည့်နေရာ၌မဆို လွတ်လပ်စွာဖြင့် သွားလာ၍ရသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း အကြမ်းဖက်သမားများ အနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကိုရယူ၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ရန် ကြံစည်ဆောင်ရွက်လျက်ရှိသဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အမြဲမပြတ် စောင့်ကြည့်နေရမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်သမားများ၏ အငွေ့အသက်များ ကင်းစင်အောင် မိမိတို့အနေဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးကို တိုင်းစစ်ဌာနချုပ်နှင့် တိုင်းဒသကြီးအစိုးရအဖွဲ့တိုက ပေါင်းစပ်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေချိန်တွင် လုံခြုံမှုနှင့် တည်ငြိမ်မှု ရှိရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ခေတ်အဆက်ဆက်ပညာရေးနှင့် စီးပွားရေးဆိုင်ရာ အားနည်းချက်များ ရှိခဲ့ကြောင်း၊ အဆိုပါအားနည်းချက်များကြောင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်ခဲ့ရကြောင်း၊ မိမိတို့နိုင်ငံ လူဦးရေ၏ ထက်ဝက်ခန့်သည် လုံခြုံရေးနှင့်ပတ်သက်၍ အားနည်းချက်များ ရှိနေဆဲဖြစ်ကြောင်း၊ ရာဇဝတ်မှုများ ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊  အသိပညာဗဟုသုတ အားနည်းသူများအနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကို ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းအားနည်းပြီး မကောင်းမှုဒုစရိုက်များကို ကျူးလွန်နိုင်ချေမြင့်မားသဖြင့် အသိပညာနှင့် ဆင်ခြင်တုံတရားများရရှိရေးအတွက် တိုက်တွန်းနှိုးဆော်ချက်များ ဆောင်ရွက်ခြင်း၊ လှုံ့ဆော် ပညာပေးမှု ဆောင်ရွက်ခြင်း၊ သတင်းများ ထုတ်ပြန်ပေးခြင်းအပါအဝင် အခြားနည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက်၊ မြို့နယ်အလိုက်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် တာဝန်ရှိသူများက ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်ပေးရန်လည်း လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် သက်သာ ချောင်ချိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ တပ်နယ်များအလိုက် ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ လမ်းပန်းဆက်သွယ်မှုများ တိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိမှု၊ ရန်ကုန်မြို့ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးမွေးမြူရေးဇုန်များ၌ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးဆိုင်ရာများနှင့်ပတ်သက်၍ ဂရုပြုဆောင်ရွက်ရန် လိုအပ်မှု၊ စစ်ဆေးရေး ဂိတ်များ စနစ်တကျ ဖြစ်ရန်လိုအပ်မှု၊ ရွှေဈေးနှင့် နိုင်ငံခြားငွေဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး ဝိုင်းဝန်း ထိန်းသိမ်း ဆောင်ရွက်ရန်လိုအပ်မှု၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို စနစ်တကျဆောင် ရွက်ရန်လိုအပ်မှု၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်သူများမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးအတွင်း တိုက်တွန်းချက်၊ နှိုးဆော်ချက်များကို ပြည်သူများသိရှိစေရေး သတင်းမီဒီယာများမှတစ်ဆင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျရှိစေရေးအတွက်လည်း ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများ၏ စားရေးကိုအထောက်အကူ ပြုစေရန်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန်ခွင့်ပြုပေးထားသည့် မြေများကို စနစ်တကျ အသုံးပြုရန်လိုကြောင်း၊ ရန်ကုန်မြို့တော်အတွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန် စေရေးအတွက် သက်ဆိုင်ရာမြို့နယ်များအလိုက် ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြို့နယ်အလိုက် ခရိုင်အလိုက် ခြံဝန်းရှိသည့်အိမ်များအားလုံးတွင် သစ်ပင်များစိုက်ပျိုးစေရေးနှင့် အန္တရာယ်ရှိသည့် သစ်ပင် သစ်ကိုင်းများကိုလည်း စည်ပင်သာယာဦးစီးဌာနမှ စနစ်တကျခုတ်ထွင်ပေးခြင်းများကို ဆောင်ရွက်ပေးရန် လိုကြောင်း၊ သစ်ပင်မရှိသည့် နေရာများတွင် သစ်ပင်များစိုက်ပျိုးစေရေး သစ်ပင်များ စိမ်းလန်း စိုပြေနေစေရေးအတွက် ပြည်သူလူထုမှသိရှိရန်နှင့် ပြည်သူလူထုမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုကြောင်းမှာကြားပြီး အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်းသတင်း ရရှိသည်။

သတင်းစဉ်