ရန်ကုန် ဇွန် ၁၁


5G ကွန်ရက်သစ်ကို သတ်မှတ်ထားသည့် နေရာအချို့တွင် ဇွန်လအတွင်း စတင်စမ်းသပ် အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် MPT က ၎င်းတို့၏ အင်တာနက်ဝက်ဘ်ဆိုက်မှ တဆင့် ထုတ်ပြန်အသိပေးထားသည်။

 

MPT သည် မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်ကာ နိုင်ငံအ၀န်း မြန်နှုန်းမြင့် LTE(4G) ကွန်ရက် အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျှက်ရှိသည့်အပြင် လတ်တလော အားထုတ်မှုတစ်ခုအဖြစ် 5G ကွန်ရက်သစ်ကို သတ်မှတ်ထားသည့်နေရာအချို့တွင် ဇွန်လအတွင်း စတင်စမ်းသပ် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။


အဆင့်မြင့် ဆက်သွယ်ရေးနည်းပညာတစ်ခုဖြစ်သည့် 5G နည်းပညာကြောင့် ချိတ်ဆက်နိုင်မှုတွင် အမြန်နှုန်း အထူး ကောင်းမွန်သွားမည့်အပြင် စောင့်ဆိုင်းရချိန် အလွန်နည်းပါးသောကြောင့် သုံးစွဲသူများနှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများအတွက်ပါ ထူးခြားသောသုံးစွဲမှု အတွေ့အကြုံကောင်းများကို ရရှိနိုင်မည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

 

MPT အနေဖြင့် ပြီးခဲ့သည့်နှစ်အတွင်းတွင် မြန်နှုန်းမြင့်  LTE  ကွန်ရက်အဆင့်မြှင့်တင်ခြင်းကို ရန်ကုန်နှင့် မန္တလေးမြို့ တို့တွင် ဆောင်ရွက်ခဲ့ပြီး ယခုကဲ့သို့ 5G စမ်းသပ်မှုမှာလည်း  သုံးစွဲသူများ စိတ်ကျေနပ်မှုရှိစေရန်အတွက် ဆောင်ရွက် နေသည့် အားထုတ်မှုတစ်ခုပင်ဖြစ်ကြောင်း ယင်းဆက်သွယ်ရေးအော်ပရေတာထံမှ သိရသည်။

 

GSMA  ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်အရ  ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ နိုင်ငံပေါင်း ၁၀၁ နိုင်ငံမှ အော်ပရေတာ ပေါင်း ၂၆၁ ခုမှာ စီးပွားရေးလုပ်ငန်းသုံး 5G ကွန်ရက်ကို ဖြန့်ကျက်ခဲ့ပြီးဖြစ်ကာ MPT သည် မြန်မာနိုင်ငံတွင် 5G ဝန်ဆောင်မှုပေးသည့် ဆက်သွယ်ရေးအော်ပရေတာများထဲတွင် တစ်ခုအပါအဝင်ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။

 

ကျွန်တော်တို့အနေနဲ့ မြန်မာပြည်သူတွေအတွက် ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေးနည်းပညာတွေကို ပေးအပ်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။ နောက်ဆုံးပေါ် 5G နည်းပညာကြောင့် သုံးစွဲသူတွေအနေနဲ့ ဒေါင်းလုတ်တွေ လျင်မြန်စွာနဲ့ လုပ်ဆောင်နိုင်မှာဖြစ်သလို တိုက်ရိုက်ထုတ်လွှင့်မှုတွေကိုလည်း အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂိမ်းကစားသူတွေအနေနဲ့ အရင်ထက် သိသိသာသာ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံကို တွေ့ကြုံခံစားရမှာ ဖြစ်ပါတယ်။ 5G နည်းပညာကြောင့် တီထွင်ဆန်းသစ်မှုတွေကို ပိုမိုလုပ်ဆောင်နိုင်ပြီး စီးပွားရေး ပုံစံသစ်တွေကို ဖန်တီးနိုင်လာမယ့်အပြင် ကဏ္ဍအသီးသီးမှာ ထုတ်ကုန်စွမ်းအားတိုးမြှင့်စေမှာမို့ စီးပွားရေးကဏ္ဍကို သိသိသာသာ တိုးတက်စေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သုံးစွဲသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ ခရီးစဉ်သစ်မှာ ပါဝင်ကြဖို့ အတွက် ဖိတ်ခေါ်ပါတယ်ဟု MPT နည်းပညာဌာနကြီး၏ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Yoshihisa OUCHI က ထုတ်ပြန်ချက်အတွင်း ပြောဆိုသည်။

 

စိတ်ဝင်စားသူများအနေဖြင့် ဇွန်လတွင် ပြုလုပ်သွားမည့် MPT “5G သရုပ်ပြပွဲ၌ သွားရောက်လေ့လာ နိုင်မည်ဖြစ်ပြီး ပွဲ၏ နေ့ရက်နှင့်အချိန်ကို MPT ၏ ဝက်ဘ်ဆိုက်တွင် ထပ်မံကြေညာသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Htet Oo Maung