နေပြည်တော် ဇွန် ၁၁

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက ငါးလုပ်ငန်းဦးစီးဌာန ဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲ၊ အဏုစိပ်သရုပ်ခွဲခြင်း ဆိုင်ရာ ဓါတ်ခွဲခန်းများဌာနစိတ် ရေထွက်ပစ္စည်းအရည် အသွေးစစ်ဆေးရေးဓါတ်ခွဲခန်း(မြိတ်)ကို ကြည့်ရှု စစ်ဆေးပြီး ရေသယံဇာတထွက်ကုန်ပစ္စည်းများကို နိုင်ငံတကာမှ လက်ခံနိုင်သော စံချိန်စံညွှန်းများ အတိုင်း အန္တရာယ်ကင်းသည့် ရေထွက်ထုတ်ကုန် အရည်အသွေးကောင်းမွန်၍ ဘေးကင်းသန့်စင်ရေး စီမံခန့်ခွဲမှု စနစ်အားကျင့်သုံး၍ စနစ်တကျ စိစစ်ကြပ်မတ်ရန် ဆွေးနွေးမှာကြားသည်။

 

ဒုတိယဝန်ကြီးသည် ဇွန် ရက် နံနက်ပိုင်းကလည်း တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကွန်းစုမြို့နယ်ရှိ ပြည့်ဖြိုးထွန်းအင်တာနေရှင်နယ်ကုမ္ပဏီလီမိတက် အစည်းအဝေးခန်းမ၌ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ခေတ်မီရေငန်ပုစွန်မွေးမြူထုတ် လုပ်ခြင်း၊ နိုင်ငံခြားဝင်ငွေ အများဆုံးရရှိနိုင်မည့် ပနားမီးပုစွန် စတင်မွေးမြူရန်ဆောင်ရွက်ထားမှု၊ ငါးပုစွန်ကင်းမွန်စသော ရေသတ္တဝါများရှားပါးလာမှုနှင့် မျိုးတုန်း ပျောက်ကွယ်မှု တားဆီးကာကွယ်နိုင် ရေးဆိုင်ရာကိစ္စရပ်များငါးသယံဇာတအရင်းအမြစ်များ၏ ကျက်စားရာနေရာများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ ဒေသခံများပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရန် ငါးမွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားရန်လိုအပ်ချက်များကို ဆွေးနွေးခဲ့ ကြပြီး ပြည့်ဖြိုးထွန်းအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၏ ပုစွန်ကန်များနှင့် ပုစွန်မွေးမြူထုတ်လုပ်မှု လုပ်ငန်းများကို ကြည့်ရှုအားပေးသည်။

 

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် မြိတ်ခရိုင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍  သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသည့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ဖြိုးလာစေရေး၊ ဒေသ၏ ထူးခြားသော ဝိသေသလက္ခဏာများ ပါဝင်သည့် လယ်ယာစီးပွားအခြေခံသော စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးလာစေရေး၊ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း ဘက်စုံကူညီပံ့ပိုးပေးရန် ကိစ္စရပ်များ ၊ ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများကို တည်ဆဲဥပဒေများ၊ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိန်းကျောင်း ကြပ်မတ်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)