ကော့သောင်း ၁  မတ်


မြန်မာနိုင်ငံ တောင်ဘက်စွန်း ထိုင်းမြန်မာ နယ်စပ်မြို့ တစ်မြို့ဖြစ်သည့် ကော့သောင်းမြို့သည် ပင်လယ်ဝန်းရံလျှက် သာယာလှပသည့် ရှုခင်းများဖြင့် ပြည်တွင်ပြည်ပ ခရီးသွား ဧည့်သည်များအား ဆွဲဆောင်လျှက်ရှိသည့်အပြင် မြို့၏ အထင်ကရ အဓိက လည်ပတ်စရာ နေရာတစ်ခုဖြစ်သည့် ဘုရင့်နောင်မင်းတရားကြီး ရုပ်တုကုန်းမြေနှင့် ဘုရင့်နောင်အငူတို့သည်လည်း ခရီးသွားများအတွက် ကြည်နူးအပန်းဖြေရာနေရာ၊ အမှတ်တရဖြစ်ဖွယ် နေရာတစ်ခုဖြစ်ရာ ယခုအခါ ဒေသတာဝန်ရှိ အဖွဲ့အစည်းများ၏ အားထုတ်မှုအဖြစ် ဘုရင့်နောင်ကုန်းမြေမှ ဘုရင့်နောင်အငူသို့ ဆက်သွယ်သည့် လှေခါးတစ်စင်းနှင့် အပန်းဖြေ ရင်ပြင်တစ်ခု တည်ဆောက်လျှက်ရှိရာ လုပ်ငန်းများအားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

1


တည်ဆောက်ရေး လုပ်ငန်းများအား ၂၀၁၈ ခုနှစ် ၊ အောက်တိုဘာလ ကစတင်၍  ကုန်းမြေတောင်စောင်းအတိုင်း ၁၈၀ x ၁၆ x ၉၀ ပေ ကွန်ကရစ်ကျောက်စီ လှေခါး နှင့် ၄၈ x၂၄ x ၁၀ ပေအကျယ် အပန်းဖြေရင်ပြင်တစ်ခုအား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခွင့်ပြုရန်ပုံငွေကျပ်(၅၄ ဒသမ ၄)သန်း အကုန်အကျခံကာ ကော့သောင်းမြို့နယ်စည်သာယာရေးအဖွဲ့ မှ ကုန်းမြေကြံ့ခိုင်မှုအပိုင်းများမထိခိုက်ရေးနှင့် မူလသဘာဝ ပတ်ဝန်းကျင် အလှများ မပျက်စီးရေးကို အလေးထား တာဝန်ယူ တည်ဆောက်ခြင်းဖြစ်ပြီး ယခု ၂၀၁၉ ခုနှစ် မတ်လဆန်းတွင် လုပ်ငန်းအားလုံး၏ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။

 

1


အဆိုပါ လှေခါးမတည်ဆောက်မီကာလက ဘုရင့်နောင်ရုပ်တုကုန်းမြေသို့ လာရောက် လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ၊ ဒေသခံပြည်သူများ အနေဖြင့် ဘုရင့်နောင်ရုပ်တု ကုန်းမြေမှတစ်ဆင့် မြန်မာနိုင်ငံ၏ တောင်ဘက် အစွန်းဆုံးနေရာ ဘုရင့်နောင်အငူသို့ မော်တော်ယဉ်များဖြင့် တစ်ဆင့် သွာရောက်လည်ပတ်ကြရပြီး ယခုဆက်သွယ်သွားလာမည့် လှေကား ပြီးစီးပါက ဘုရင့်နောင်ရုပ်တုကုန်းမြေမှ ကုန်းမြေတောင်စောင်း ကုန်းဆင်းအတိုင်း တည်ဆောက်ထားသည့် လှေကားမှတစ်ဆင့် သာယာလှပသည့် ပါချန်ပင်လယ်ဝ၏ သဘာဝရှုခင်းများကိုအပေါ်စီးမှ ရင်သန့်ရှုမောစွာ ကြည့်ရှုအပန်းဖြေရင်း ဘုရင့်နောင်အငူရှိရာသို့ ဆက်သွယ်သွားလာနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။


ကျော်စိုး(ကော့သောင်း)