မိတ္ထီလာ ဇွန် ၁၂

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း(မိတ္ထီလာမြို့)မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ်သင်တန်းနှင့် လက်ရက်ကန်း (၆)လသင်တန်းတို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

၎င်းသင်တန်းများအား မြန်မာ့ရိုးရာ ရက်ကန်းပညာရပ်များ မတိမ်ကော၊ မပပျောက်စေရန်အတွက် ထိမ်းသိမ်းစောင့်ရှောက်ရန်၊ ရက်ကန်းဆိုင်ရာပညာရပ်များ စနစ်တကျ ပြန့်ပွားစေရန်၊ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေခြင်းဖြင့် တစ်ဦးချင်းဝင်ငွေ၊ မိသားစုဝင်ငွေ ရရှိစေရန်၊ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ ပေါ်ထွက်လာစေရန်၊ MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးလျက်ရှိသည်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် အခြေခံပညာမူလတန်းအဆင့် အောင်မြင်ပြီး အသက် ၁၆ နှစ်မှ ၂၅ နှစ်အတွင်းရှိသူများ မည်သူမဆို တက်ရောက်နိုင်ပြီး သင်တန်းကာလတစ်လျှောက် သဘာဝဆေးဆိုးခြင်း၊ ဓာတုဗေဒဆေးဆိုးခြင်း၊ အမျှင်အမျိုးမျိုးအကြောင်း၊ စက်ရက်ကန်း၊ လက်ရက်ကန်း၊ စက်နှင့်ချည်မျှင်ဆွဲခြင်း၊ လက်နှင့် ချည်မျှင်ဆွဲခြင်း၊ အထည်ဒီဇိုင်းဖန်တီးခြင်း စသည့် ဝါမှ အထည်ဖြစ်သည်အထိ အဆင့်ဆင့်ကို စာတွေ့၊ လက်တွေ့ သင်ကြားပေးတဲ့အပြင် အခြေခံစက်ချုပ်ပညာရပ်ကိုလည်း ပူးတွဲသင်ကြားပေးလျက်ရှိသည်။

 

ယင်းသင်တန်းတွင် သင်တန်းသား သင်တန်းသူ တစ်ဦးကို တစ်လလျှင် ပညာသင်စရိတ်အဖြစ် တစ်လ ၃၀၀၀၀ ကျပ် ပေးအပ်ပြီး အဆောင်နေထိုင်မည့်သင်တန်းသား သင်တန်းသူများအတွက် နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများအပြင် သင်တန်းကြေးအခမဲ့ဖြစ်ပြီး သင်တန်းတွင်အသုံးပြုမည့် လက်သုံးကိရိယာများ၊ ကုန်ကြမ်းပစ္စည်းများအား အခမဲ့သုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

လက်ရက်ကန်း (၆)လသင်တန်း ဒုတိယအကြိမ်အဖြစ် ဇူလိုင် ၁ ရက်တွင် သင်တန်းဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများ ကန်သာယာရပ်ကွက်၊ နာရီစင်အနီးရှိ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း၌ လာရောက်စာရင်းပေးသွင်းနိုင်ပြီး ၀၆၄-၂၃၅၁၆ ကို ဆက်သွယ်၍ သိလိုသည်များ မေးမြန်းစုံစမ်းနိုင်ပါကြောင်းနှင့် အဆိုပါသင်တန်းများ ပြီးဆုံးပါက အလုပ်အကိုင်ရရှိစေရန် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျောင်းအုပ် ဒေါ်ခင်စန်းတင်ထံမှ သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)