မင်းဘူး ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ်မိုးရာသီတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန် မြို့နယ်သစ်တောဦးစီးဌာနရှိ ကျောက်တန်းပျိုးဥယျာဉ်နှင့် ကန်ရေပျိုးဥယျာဉ်တို့တွင် ပျိုးပင်ပေါင်း ၂၇၈၀၀၀ ကျော်ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
မြို့နယ်သစ်တောဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အဆိုပါပျိုးပင်များထဲမှ ၁/၂၀၂၄ ကျေးရွာ ထင်းစိုက်ခင်း ၃၀ ဧကအတွက် ပျိုးပင်ပေါင်း ၃၆၃၀၀၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း ၁၂၅၀ ဧကအတွက် ပျိုးပင်ပေါင်း ၁၈၇၅၀၀၊ ဌာနဆိုင်ရာ၊ တပ်ရင်းတပ်ဖွဲ့နှင့် ပြည်သူလူထုအတွက် ဖြန့်ဝေမည့် ပျိုးပင်ပေါင်း ၅၀၀၀၀၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တမာပျိုးပင်ပေါင်း ၂၀၀၀၀ နှင့် အထူးစိမ်းလန်း စိုပြည်ရေး (တစ်အုပ်တစ်မအသွင်ဖြင့်) စိုက်ပျိုးရန် ပျိုးပင်ပေါင်း ၅၀၀၀ တို့ကို ယခုနှစ် မိုးရာသီတွင် စိုက်ပျိုး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“မင်းဘူး(စကု)မြို့နယ်ဟာ ယခုနှစ်နွေရာသီမှာ ကမ္ဘာ့အပူချိန် အမြင့်မားဆုံး မြို့နယ်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် မိမိတို့နေထိုင်ရာဒေသနဲ့ သဘာဝပတ်ဝန်းကျင်တွေ စိမ်းလန်းစိုပြည်လာစေဖို့ဆိုရင် ပြည်သူလူထု အနေနဲ့ သစ်ပင်စိုက်ပျိုးခြင်း အစီအစဉ်အတွေမှာ ပူးပေါင်းပါဝင်ပြီး စိုက်ပျိုးရမှာပါ။ သစ်ပင်စိုက်ပျိုးခြင်းဟာ အရိပ်အာဝါသရရှိပြီး မျက်စိပသာဒဖြစ်စေရုံသာမက စိတ်ကြည်နူးမှုကို ရရှိစေနိုင်တဲ့အပြင် အခုလို အပူဒဏ် တွေကိုလည်း ကာကွယ်နိုင်ပြီးတော့ ရာသီဥတုပြောင်းလဲမှုကို လျော့ချနိုင်စေမှာဖြစ်ပါတယ်” ဟု မြို့နယ် သစ်တောဦးစီးဌာနမှူး ဦးမြင့်အောင်က ပြောသည်။
မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးရာသီတွင် စိုက်ပျိုးသွားမည့် ပျိုးပင်များမှာ ကျွန်း၊ ယူကလစ်၊ ပိတောက်၊ ကုလားကုက္ကိုလ်၊ ယင်းမာ၊ မာတာကွတ်၊ စိန်ပန်းကြီး၊ တမာ၊ မယ်ဇယ်၊ ဆီသပြေ၊ ဇီးနှင့် မျှင်ဝါး စသည့် ပျိုးပင်ပေါင်း ၂၇၈၆၀၀ ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)


