နေပြည်တော် ဇွန် ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် သစ်လေးလုံးကျေးရွာအုပ်စု ပုရွက်ဆိတ်ကုန်းရွာရှိ  မိုးစပါး (၅)ဧကစိုက်ခင်း၌ ထွန်စက်ကြီးဖြင့် တွဲဖက်သုံးမျိုးစေ့ချကိရိယာ  လက်တွေ့စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ရေမြေအခြေအနေပေးသည့် ဧရိယာများတွင် (၃)သီး စိုက်ပျိုး နိုင်ရေးကြိုးစားဆောင်ရွက်ရန်၊ မြေအချဉ်ဓါတ်လျှော့ပါးစေရေး မြေပြုပြင်သည့်စနစ်များကို အသိပညာပေး ဆောင်ရွက်ပေးကြရန်၊ စိုက်ပျိုးရေ လုံလောက်စွာ ရရှိနိုင်ရန်အတွက် ရေရရှိနိုင်သော အရင်းအမြစ်များ ရှာဖွေဖော်ထုတ်ပေးကြရန်နှင့် တောင်သူများ လက်တွေ့ထွန်ယက်စိုက်ပျိုးရာတွင် ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲများကို သက်ဆိုင်ရာဌာနများပူးပေါင်း၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ် အေလာမြို့ နေမင်းထွန်း လယ်ယာသုံး ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၏ စပါး၊ မြေပဲနှင့် ပဲမျိုးစုံ ခြွေလှေ့စက်နှင့် မျိုးစေ့ချကိရိယာများ ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့်ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ အကြံပြုဆွေးနွေး မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက အေလာယာယီရေထိန်းဆည်ရေသောက် နွေနှမ်း(၁၆၃)ဧက စိုက်ပျိုးထားရှိမှုနှင့် အေလာကန် ထိန်းသိမ်းစောင့်ရှောက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး နွေနှမ်းစိုက်ခင်းများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့်  ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ရေးအတွက် ရေနုတ်မြောင်းများ တူးဖော်နိုင်ရေး ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ဒက္ခိဏသီရိမြို့နယ်၊ PPEG Construction Company Limited မှ အခြောက်ထယ်ရေးမျိုးစေ့ချကိရိယာ၊ အစိုထယ်ရေးမျိုးစေ့ချစက်နှင့် အာလူးတူးဖော် ကိရိယာများ စမ်းသပ်ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးပြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသနှင့်ကိုက်ညီပြီး ပေါ့ပါး၍ အလွယ်တကူအသုံးပြုနိုင်သည့်  နည်းပညာနှင့်စက်ပစ္စည်း ကိရိယာများ ဆက်လက်တီထွင်သွားကြရန်  အကြံပြုဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်