သရက်ချောင်း ဇွန် ၁၃
ကော်ဖီ၊ ကိုကိုးပျိုးပင်နှင့် မိုးစပါးများထောက်ပံ့ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် နှစ်ရှည်ပင်များအဖြစ် ရာဘာ၊ ကွမ်းသီးပင်များကို အဓိကထားစိုက်ပျိုး သော်လည်း ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသော ကော်ဖီသီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးစေ လိုကြောင်း၊ မျိုးကောင်းမျိုးသန့် ကော်ဖီတိုးချဲ့စိုက်ပျိုးလာခြင်းဖြင့် တောင်သူများဝင်ငွေတိုးလာ စေရေးနှင့် လူနေမှုဘဝမြှင့်မားလာစေရန်၊ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိ လာစေရန်၊ နှစ်ရှည်သီးနှံ ရာဘာ၊ ကွမ်းသီးပင်များကြားတွင် ကော်ဖီပင်ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေတစ်ယူနစ်အသုံးချမှု တိုးတက်လာစေရန်နှင့် မြန်မာ့ကော်ဖီ ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကော်ဖီပင်များ တိုးချဲ့စိုက်ပျိုးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းက တောင်သူ များအား ကော်ဖီ၊ ကိုကိုး ပျိုးပင်ထောက်ပံ့ပေးအပ်ခြင်းနှင့် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိစေရေး အတွက် မျိုးစပါးများကို အကျိုးဆောင်တောင်သူများထံသို့ ထောက်ပံ့ပေးအပ်သည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာနမှ အရည်အသွေးကောင်းသော ကော်ဖီထုတ်လုပ်နိုင်ရေး ရေရှည်တည်တံ့သော ကော်ဖီစိုက်ပျိုးနည်းစနစ်များပါ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)


