နေပြည်တော် ဇွန် ၁၃ 
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၁ ရက် ညနေ ၄ နာရီ ၃၅ မိနစ်တွင် ကျိုင်းတုံမြို့၊ ရပ်ကွက် (၃)၊ နောင်ခိုက်-နောင်ပေါင်းလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ သန်းရွှေကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း။
ဇွန် ၁၂ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအုပ်စု၊ မော်ဖောင်းကျေးရွာအနီးတွင် ကျော်ခိုင်ဦး (ခ) ဝေယံ မောင်းနှင်ပြီး မညိုညိုထွန်း (ခ) မညို လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၇၀၀ ကိုလည်းကောင်း၊ ထိုနေ့ နံနက် ၁၀ နာရီတွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် အားဆွဲမောင်းနှင်ပြီး အားချင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး ကက်တမင်း သုညဒသမ ၉၉၅ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား